နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊     မေ လ  ၃၁  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၃၀-၅-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက် ရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။
    ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ထွန်းခိုင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၇၇၉.၅၇၀) သန်းဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတား လုပ်ငန်း (၂၇) ခု၊ ပညာရေးလုပ်ငန်း (၁) ခုနှင့်အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း (၃) ခုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး လိုအပ်ချက်ရှိသည်များ ကိုလည်း ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းပေးခဲ့ ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံမှာကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အရှိန်အဟုန်ဖြင့် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်ကျေပွန်ရုံအပြင် အကောင်းဆုံးထမ်းဆောင်မည်ဆိုသည့်စိတ်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တွေးတောကြံဆ ဆောင်ရွက်နိုင်ပါက ယခင်ကထက် ပိုမိုတိုးတက် အောင်မြင်လာမှာဖြစ်ပါကြောင်း ၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေးနှင့် မိမိလုပ်ငန်းများအပေါ် တန်ဖိုးထားဂုဏ်ယူလေးစားစိတ်များ ထားရှိကြရန် ၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စေတနာ၊ ဝီရိယများထားရှိ၍ အဂတိတရား (၄)ပါး ကင်းရှင်းစွာ ဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။

    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (မြိတ်) သို့ ရောက်ရှိခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီဌာနမှ နေ၊ထိုင်၊ စားသောက်စရိတ်အခမဲ့ဖြင့် သင်ကြားဖွင့်လှစ်လျက်ရှိသော အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၇၂) တွင်တက်ရောက်သင်ကြားနေသော တိုင်းရင်းသူ (၇၇) ဦးနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၄၃) သို့ တက်ရောက်နေကြသော တိုင်းရင်းသူ (၇) ဦးတို့၏ သင်တန်းတက်ရောက် သင်ကြားနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ သင်တန်းနည်းပြများနှင့် သင်တန်းသူ များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ သင်တန်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ရာသီသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် သဘာဝ ဘေးဒဏ်ကြောင့် သင်တန်းကျောင်း ခြံစည်းရိုး ပြိုကျပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး အမြန်ဆုံး ပြုပြင်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph