နေပြည်တော်၊ မေလ ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် ရက် (၁၀၀) စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များကိုခံယူပြီး ရက် (၁၀၀) စီမံကိန်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် ပြည်နယ်/တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများ၏ တိုးတက်ပြီးစီးမှုအခြေအနေများကို တင်ပြဆွေးနွေးသွားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူဗဟိုပြုစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိ တရားကင်းရှင်းစွာဖြင့် ရိုးသား ကြိုးစားမှုကိုအရင်းတည်၍ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာ၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကို ဒေသခံ ပြည်သူများက နားလည်လက်ခံပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများ၊ တိုင်းရင်းသားလူမျိုးများ၊ ဒေသခံလွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူလူထုများနှင့်အတူ ပူးပေါင်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံလာမည့် အခက်အခဲများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်သွားကြရန်၊ ပြည်သူလူထု၏ အမှန်တကယ်လိုအပ်ချက်များကို ကွင်းဆင်း စစ်ဆေးသွားကြရန်နှင့် ပြည်သူလူထုအတွက် စဉ်ဆက်မပြတ် အကျိုးရှိမည့် လုပ်ငန်းများ ရှိပါကလည်း ဆင့်ကဲစနစ်ဖြင့် ပွင့်ပွင့်လင်းလင်း တင်ပြသွားရန်လိုအပ်မည် ဖြစ်ပါကြောင်း မှာကြားခဲ့ ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်/တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများမှ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များမှာကြားခဲ့ပြီး လိုအပ်ချက်ရှိသည်များကိုလည်းပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။