နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ဒေသအတွက် အကျိုးရှိမှုနှင့် လုပ်ငန်းများထပ်မနေစေရေး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ဧပြီလ ၂၅ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁ဝ) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဦးရဲနိုင်၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ခေတ္တညွန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုမှုကြီးကြပ်ရေးမှူးများ တက်ရောက်ကြသည်။
     ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေး ကျင်းပပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လုပ်ငန်းများအပေါ် သုံးသပ်ချက်နှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်စပ်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသည် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ လိုအပ်ချက်အရ ဦးစားပေးအလိုက် တင်ပြထားသော လုပ်ငန်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ မိမိတို့ဒေသအတွက် အမှန်တကယ် အကျိုးရှိ/မရှိ၊ ရေရှည်အကျိုးရှိနိုင်သော လုပ်ငန်းများဖြစ်နိုင်/မဖြစ်နိုင်၊ ပြည်ထောင်စုမှ ဆောင်ရွက်ပေးသော လုပ်ငန်းများသည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် တူညီနေမှုရှိ/မရှိတို့အား တိုက်ဆိုင်စိစစ် ဆွေးနွေးသုံးသပ်ကြရန် ဖြစ်ကြောင်း-
မိမိတို့နိုင်ငံ၏ ပထဝီအနေအထားအရ နယ်စပ်ဒေသများသည် တောတောင်ထူထပ်ပြီး သွားလာမှုခက်ခဲသည့်နေရာများ ဖြစ်သည့်အပြင် လွတ်လပ်ရေးနှင့်အတူ ဒွန်တွဲဖြစ်ပေါ်လာခဲ့သော ဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာရေးကွဲပြားမှုတို့ကို အခြေခံသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် တည်ငြိမ်အေးချမ်းမှုမရှိပဲ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရကြောင်း၊ သည့်အတွက်ကြောင့်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရမှ တာဝန်ယူခဲ့ချိန်တွင် တည်ငြိမ်အေးချမ်းမှု Peace and Stability ရရှိရေးသည် အဓိကအရေးအကြီးဆုံး ဖြစ်သည်ကိုခံယူပြီး မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမရှိလျှင် တည်ငြိမ်အေးချမ်းမှု Peace and Stability လည်း မရရှိနိုင်သည့်အတွက် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်အောင် ပြည်ထောင်စုစိတ်ဓါတ် ရင့်ကျက်ရှင်သန်လာအောင် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အထူးအလေးထားပြီး ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဌအဖြစ်ဆောင်ရွက်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် (၂၃) ဦးဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဥက္ကဌအဖြစ် ဆောင်ရွက်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို အဖွဲ့ဝင် (၃၂) ဦးဖြင့်လည်းကောင်း၊ ၂၀၁၆ခုနှစ် နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ဟူသော မူဝါဒ (၄) ရပ်နှင့် ရည်ရွယ်ချက် (၅) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်လျှက် ရှိပါကြောင်း-
     နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသဖွံ့ဖြိုးရေး ဥပဒေနှင့်အညီ ပင်မစီမံကိန်းတစ်ရပ်အား ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ် (၃၀) နှစ်ရှည်စီမံကိန်း ရေးဆွဲထားပြီး (၅) နှစ်စီမံကိန်းများဖြင့်လည်း နှစ်အလိုက် ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးလျှက် ရှိကြောင်း-
     နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံကိန်းဒေသများ သတ်မှတ်ရာ၌ အဓိကဆောင်ရွက်မည့် မြို့နယ်ပေါင်း (၁၁၆) မြို့နယ်နှင့် လုပ်ငန်းလိုအပ်ချက်အရ ဆက်စပ်ဆောင်ရွက်မည့် မြို့နယ် (၅၂) မြို့နယ်တို့အား သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း (၆၃၈၆၀) အနက် နယ်စပ်ဒေသများတွင်ရှိသော ကျေးရွာ (၁၁၀၆၉) ရွာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ရန် ကျန်ကျေးရွာ (၅၂၇၉၁) ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ရန် ညှိနှိုင်းသတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလူဦးရေး (၇၀)% ဖြစ်သော လူဦးရေ (၃၆) သန်းခန့်သည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ကြပြီး ယင်းတို့အနက်မှ နယ်စပ်ဒေသရှိ လူဦးရေ (၉) သန်းခန့်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း-
     ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့်လည်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်)၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးလူငယ် သင်တန်းကျောင်း (၄၄) ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (၉) ကျောင်း၊ အမျိုသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၃) ကျောင်းတို့ကို ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးလျှက်ရှိကြောင်း၊ အဆိုပါလူငယ်သင်တန်းကျောင်း၊ စက်မှုလက်မှုသင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ထောက်ခံချက်များဖြင့် ရွေးချယ်စေလွှတ်သော သင်တန်းသား၊ သင်တန်းသူများကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျှက်ရှိသောကြောင့် ယင်းသင်တန်းကျောင်း များသည် သက်ဆိုင်ရာအစိုးရအဖွဲ့၏ သင်တန်းကျောင်းများဟု ပြောဆိုနိုင်ပါကြောင်း-
     ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ဆောင်ရွက်ဆဲလုပ်ငန်း (၂၂၇) ခု၊ လုပ်ငန်းသစ် (၄၃၉) ခု စုစုပေါင်း လုပ်ငန်း (၆၆၆) ခုတို့အတွက် ငွေကျပ် (၆၄.၈၄၆) ဘီလီယံ ကိုလည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်၊ လူငယ်ကျောင်းများ၊ အိမ်တွင်းမှုကျောင်းများ၊ စက်မှုလက်မှု သင်တန်းကျောင်းများရှိ သင်တန်းသား (၁၂၀၀၀) ကျော်အတွက် နေထိုင်စားသောက်ရေးနှင့် သင်တန်းဆိုင်ရာ လိုအပ်ချက်များ၊ သင်တန်းအဆောက်အဦနှင့် သင်ထောက်ကူပစ္စည်းများအတွက် (၂၄.၇၈၅) ဘီလီယံ ဖြစ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့် စုစုပေါင်း (၈၉.၆၃၁) ဘီလီယံ သုံးစွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း-
မူယစ်ဆေးဝါးစိုက်ပျိုးမှု ပပျောက်ရေးအတွက်လည်း ဘိန်းအစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၄) အုပ်စု၌ သက်ဆိုင်ရာဝန်ကြီးဌာန (၄) ခုနှင့် အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခြင်း လုပ်ငန်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ဆောင်ရွက်ပြီး ဖြစ်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ကာ (၃) နှစ် စီမံကိန်းရေးဆွဲလျှက် Pilot Project အနေဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း-
     နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ ဖွံ့ဖြိုမှု နောက်ကျကျန်ရစ်နေသော ဒေသများ၌ တစ်နှစ်ချင်း တစ်နှစ်ချင်း ဖွံ့ဖြိုးတိုးတက်စေပြီး တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အားလုံးကတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာနှင့် မျှော်မှန်းချက်များကို ဒေသခံ ပြည်သူများက နားလည်လက်ခံပြီး မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရ မည်ဖြစ်ကြောင်း၊ သို့ပါ၍ ဗဟိုကော်မတီက ချမှတ်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များကို အလေးအနက်ခံယူကျင့်သုံးပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် သက်ဆိုင်ရာအစိုးရအဖွဲ့ အသီးသီးမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက အသေးစိတ်ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အတည်ပြုခဲ့ပါသည်။
     ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ဆွေးနွေးတင်ပြပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးပြီး နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးကြရန် ညှိနှိုင်းမှာကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ထိုနေ့ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph