နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

ဇူလိုင်လ  ၂၄  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အဖွင့်အမှာစကားပြောကြား၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များ စုစုပေါင်း ၁၅၀ ပင်တို့ကို  ပါဝင်စိုက်ပျိုးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများ အား လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။ 
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန  ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများတွင်လည်း ၂၀၂၆ ခုနှစ်၊  ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို  တစ်ပြိုင်နက် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များ၊ ပန်းအလှပင်နှင့် သီးပင် စားပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ယနေ့တွင် သစ်ပင်ပေါင်း ၅,၀၄၁ ပင်နှင့် ပထမအကြိမ် စိုက်ပျိုးခဲ့သည့် သစ်ပင်ပေါင်း ၆,၄၁၉ ပင် အပါအဝင် စုစုပေါင်း ၁၁,၄၆၀ ပင်တို့ကို စိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင် ဖြစ်ထွန်းရေးအတွက် ဆက်လက် ထိန်းသိမ်းပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph