နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီး ခဲ့သော (၁၅၂×၅၆)’ သံကူကွန်ကရစ် နှစ်ထပ်တိုးချဲ့ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးအမှတ် (၄၂) တွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်မှ အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အဆောက်အဦသစ်၏ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကာ ရုံးသစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်ဖြစ်သော နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသနေတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအား အလေးထားဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စံချိန်စံညွှန်းများနှင့် အညီ ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများအရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အင်ဂျင်နီယာဌာနအား တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ အဆိုပါ အင်ဂျင်နီယာဌာနအတွက် ရုံးသစ်တိုးချဲ့ ဆောင်ကို အင်ဂျင်နီယာဌာန၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အင်ဂျင်နီယာဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ အခြေခံအဆောက်အအုံများ တည်ဆောက်နိုင်ရေးအတွက် ယာဉ်ယန္တရားများအား စနစ်တကျဖွဲ့စည်းထားရှိခဲ့ပြီး လမ်းဖောက်လုပ်ခြင်း၊ တံတားတည်ဆောက် ခြင်း၊ အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းလုပ်ငန်းများအတွက် လိုအပ်သော မြေကြီး၏ ခံနိုင်ဝန်အားနှင့်ဂုဏ်သတ္တိများ သိရှိနိုင်ရန် မြေကြီးစမ်းသပ်ခြင်းနှင့် ကွန်ကရစ်စမ်းသပ်ခြင်းလုပ်ငန်း များ ဆောင်ရွက်နိုင်သည့် လက်တွေ့စမ်းသပ်ခန်းများထားရှိပြီး လိုအပ်သော စမ်းသပ်မှုများဆောင် ရွက်လျက်ရှိပါသည်။ ထို့ပြင် စွမ်းရည်မြင့်မားရေး မွမ်းမံသင်တန်းများပါ ဖွင့်လှစ်လေ့ကျင့်ပေးလျက် ရှိပါသည်။
အဆိုပါအင်ဂျင်နီယာဌာနအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ကချင်ပြည်နယ်၊ မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅) မိုင် (၄) ဖာလုံအား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း၌ လဟယ်-ဒုံဟီး-နန်းယွန်း-ပန်ဆောင်လမ်း (၁၃၅) မိုင် (၃) ဖာလုံအားလည်းကောင်း၊ ကရင်ပြည်နယ်အတွင်း၌ မြိုင်ကြီးငူ-မဲသဝေါလမ်း (၃၁) မိုင်အားလည်းကောင်း အခက်အခဲများကြားမှ အောင်မြင်အောင် အကောင် အထည်ဖော် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။