နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုရိက္ခာများ (ဒုတိယအကြိမ်မြောက်) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နေ့လည် (၁) နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး (တောင်ကြီး) ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုရိက္ခာများ ထောက်ပံ့ ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ရိက္ခာများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ယခု ကျင်းပပြုလုပ်ခဲ့သော အခမ်းအနား၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုတိယ အကြိမ်မြောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန် (၁၂၅၀) အိတ်၊ ဆီ (၂၁၀၀) ပိဿာ၊ ဆား (၆၀၀) ပိဿာ၊ ပဲ (၆၀၀၀) ပိဿာနှင့် စောင် (၁၃၉၈) ထည် တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။