နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UN-REDD Programme တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းကြောင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချခြင်း (REDD+) ဆိုင်ရာ နည်းဗျူဟာမူကြမ်းအား ဆွေးနွေးညှိနှိုင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်လ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UN-REDD Programme တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းကြောင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချခြင်း (REDD+) ဆိုင်ရာ နည်းဗျူဟာမူကြမ်းအား ဆွေးနွေးညှိနှိုင်းပွဲ အခမ်းအနားအား ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ UN-REDD Programme မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
    ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဖွင့်အမှာစကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေနဲ့ အဓိကလုပ်ငန်းတာဝန်ကြီး (၂) ရပ်ဖြစ်တဲ့ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုကိုကာကွယ်နိုင်ရေး အထောက်အကူပြုတဲ့ စိုက်ပျိုးရေ ရရှိရေး၊ သောက်သုံးရေရရှိရေးလုပ်ငန်းများကိုလည်း နှစ်အလိုက် စီမံကိန်းများ ချမှတ်၍ နိုင်ငံတော် အစိုးရ၏ဘတ်ဂျက်ဖြင့်သာမက ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးအတွက် လိုအပ်သောတည်ဆောက်ရေး လုပ်ငန်းများကို နယ်စပ် ဒေသတစ်လျှောက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် မပျက်စီး၊ မပပျောက်စေရေး ရှုထောင့်အမျိုးမျိုးမှ သုံးသပ်စဉ်းစားပြီး အလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ သစ်တောများပြုန်းတီးခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း ဖြစ်ပေါ်လာသကဲ့သို့  အခြားတစ်ဖက်တွင်လည်း စက်မှုလက်မှုများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ရေထု၊ မြေထုနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းကြောင့် သက်ရှိလူနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးဖြစ်စဉ်များကြောင့် အသက်ရှင်ရပ်တည်မှုနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု များကို ခြိမ်းခြောက်လျက်ရှိပါကြောင်း ပြောကြားသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရေးတွင် အလွန်အရေးပါလှသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို လျော့ပါးစေရေးအတွက် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို နိုင်ငံတော်နှင့် ကျွမ်းကျင်ပညာရှင်များက ဆောင်ရွက်ရာတွင် ပြည်သူလူထုကို အသိပညာပေးခြင်း (Knowledge Sharing) လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရန်နှင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများအားလုံးက ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားရမည့် လုပ်ငန်းဖြစ်သည်နှင့်အညီ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများမှလည်း ယခုလို လာရောက်ဆွေးနွေးကြတဲ့ UN-REDD Programme မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ အမျိုးသား အဆင့် REDD+ Strategies ဆိုင်ရာ (မူကြမ်း) အပေါ် ဝိုင်းဝန်းဆွေးနွေးပြီး သဘာဝပတ်ဝန်းကျင် မပျက်စီး၊ မပပျောက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြဖို့ မှာကြားခဲ့သည်။
    ထို့နောက် UN-REDD National Programme Director မှ မြန်မာနိုင်ငံရှိ REDD+ အစီအစဉ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း လမ်းပြမြေပုံ၊ လုပ်ငန်းတိုးတက်မှုနှင့် အစီအစဉ်တို့အား လည်းကောင်း၊ UN-REDD Technical Specialist Mr. Franz Arnold မှ REDD မဟာဗျူဟာမူကြမ်းနှင့် ပတ်သက်၍လည်းကောင်း၊ UN-REDD National Programme Coordinator မှ ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာအဆိုပြုထားသော မူဝါဒများနှင့် လုပ်ဆောင်ချက် များအား တင်ပြဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

Post Paragraph