နေပြည်တော် မတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၃ ကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၃ ကျောင်းတို့၌ ၂၇-၁၀-၂၀၂၅ ရက်နေ့မှ ၂၆-၃-၂၀၂၆ ရက်နေ့ထိ အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ခဲ့ရာ စက်မှုကျောင်းများ တွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၊ အိမ်တွင်းမှု သင်တန်းကျောင်းများတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ၏ သင်တန်းဆင်းပွဲများအား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အောင်ပန်း မြို့စက်မှုသင်တန်းကျောင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက် ၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
အလားတူ သင်တန်းဆင်းပွဲများ ကျင်းပသည့် လွိုင်ကော်မြို့အိမ်တွင်းမှုသင်တန်းကျောင်း တွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဘားအံမြို့အိမ်တွင်းမှုသင်တန်းကျောင်း တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့အိမ်တွင်းမှုသင်တန်းကျောင်း တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကျိုင်းတုံမြို့အိမ်တွင်းမှုသင်တန်း ကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်၊ လဟယ်မြို့အိမ်တွင်းမှု သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဘားအံ မြို့စက်မှု သင်တန်းကျောင်းနှင့် မြိုင်ကြီးငူအိမ်တွင်းမှုသင်တန်းကျောင်းတို့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ လပွတ္တာမြို့အိမ်တွင်းမှု သင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ လပွတ္တာမြို့ စက်မှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ ဆိုက်ခေါင်အိမ်တွင်းမှုသင်တန်းကျောင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာချီလိတ်မြို့အိမ်တွင်းမှုသင်တန်း ကျောင်းတွင် နယ်မြေခံအခြေချစစ်ဗျူဟာ အဖွဲ့မှ ဗိုလ်မှူးကြီးကျော်မင်းထွန်းတို့ တက်ရောက်ခဲ့ ကြပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များရှိ သင်တန်းကျောင်းများ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီများမှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းကျောင်းများတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ သင်တန်းသား/သူ စုစုပေါင်း ၅၀၈ ဦးဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ထိ ရက်သတ္တ ၂၂ ပတ်ကြာ နေထိုင်စားသောက်ရေးနှင့် လက်တွေ့ခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ အခမဲ့ ထောက်ပံ့သင်ကြားပေးခဲ့ပြီး သင်တန်းထူးချွန်ဆု ရရှိသူ များအား အပ်ချုပ်စက် ၁ စုံစီနှင့်် သင်တန်းသား/သူများအတွက် သင်တန်းဆင်းအောင် လက်မှတ်များ အသီးသီးချီးမြှင့်ပေးခဲ့၍ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေး ခြင်း၊ အလုပ်အကိုင်ရရှိရေးအတွက် မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများ၊ စက်မှုဇုန်၊ အလုပ်ရုံ၊ စက်ရုံ များနှင့် ဟိုတယ်ဇုန်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက် ပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိပါသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ စက်မှုကျောင်းများတွင် သင်တန်းသား/သူ ၇၀၅၈ ဦး နှင့် အိမ်တွင်းမှုသင်တန်းကျောင်းများတွင် သင်တန်းသား/သူ ၉၈၁၄၈ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိသည်။