ရခိုင်ပြည်နယ်သို့
နမ့်ခမ်းသားညီငယ်က သူ၏စာအား ဤသို့ဆက်လက် ရေးသားဖော်ပြပါသည်။
"ထိုသို့ (ကျား) ကျောင်းတွင် ပညာသင်နှစ်တစ်နှစ်လုံးတွင် ပျော်ရွှင်စွာသင်ကြားခဲ့ရပြီးနောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဖြေဆိုခဲ့ရသည်။ ထိုနှစ်တွင် ကျွန်ုပ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျပါသည်။ သို့သော် အခွင့်အရေးတစ်ခုက အဆင်သင့်ရှိနေပြန်သည်။ ထိုစဉ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်တွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် BAJ (Bridge Asia Japan) တို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်း ဖွင့်လှစ်ထားပါသည်။ ထိုကျောင်းတွင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းသားလူငယ်များအား အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးပါသည်။ သင်ယူလိုသူများအား စာရင်းကောက်ယူသည့်အခါ ကျွန်ုပ်လည်း စက်ပြင် သင်တန်းတက်ရန် စာရင်းပေးခဲ့ပါသည်။
ဤသို့ဖြင့် မြန်မာပြည်အရှေ့ဖျားမှ တောင်ပေါ်ဒေသသားလေး ကျွန်ုပ်သည် မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ လေယာဉ်ပျံကြီးစီး၍ ရောက်ရှိခဲ့ပြန်ပါသည်။ ကျွန်ုပ်တို့၏ မြန်မာ့ ရေပိုင်နက် ပင်လယ်ပြင်ကြီးကို မြင်တွေ့ရသည်မှာလည်း ထူးပေစွ။ နိုင်ငံတော်၏ ကျေးဇူးကား ကြီးမားလှပေစွ။"
BAJ စီမံကိန်း ဆိုသည်မှာ
၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သော Bridge Asia Japan (BAJ) သည် ဂျပန်နိုင်ငံတွင် တရားဝင်ခွင့်ပြုထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ ပြည်သူ လူထုနှင့် လူမှုအသိုင်းအဝိုင်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပေးရေး စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးပါသည်။
ဒုက္ခသည်များ၊ မသန်စွမ်းသူများ၊ ပညာရေးအခွင့်အလမ်းမရှိသော လူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများ လိုအပ်နေသည့် ဆင်းရဲနွမ်းပါးသူများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ် များ ကျွမ်းကျင်မှုရရှိစေရေးနှင့် စွမ်းရည်မြှင့်တင်ရေး အခွင့်အလမ်းများ ဆောင်ရွက်ပေးပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဆိုပါ BAJ အဖွဲ့တို့ MoU (Memorandum of Understanding) များ ရေးထိုးကာ ဆောက်လုပ်ရေးသင်တန်းစီမံကိန်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းဆောင်ရည်မြှင့် တင်ပေးခြင်းစီမံကိန်း နှင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေး (TVET) မှတဆင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စသည့်စီမံကိန်းများအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းများတွင် သင်တန်းများပို့ချဖွင့်လှစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသင်တန်းကျောင်းတွင် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေ နှင့် မော်တော်ယာဉ်စက်ပြင် (Electronic Fuel Injection) သင်တန်းများ ဖွင့်လှစ်ပေးပါသည်။
လူငယ်များအား အခြေခံဆောက်လုပ်ရေးနည်းပညာများနှင့် အခြားအသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုပညာရပ်များကို စာတွေ့/လက်တွေ့နည်းများဖြင့် သင်ကြားပေးပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးသဖြင့် ထိုစီမံကိန်းများကြောင့် လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ လာကြပါသည်။
ပညာပြည့်စေ
တက္ကသိုလ်ပညာသင်ခွင့် ရရှိပုံအဆင့်ဆင့်ကိုလည်း ဤသို့ဖော်ပြထားသည်။
"BAJ သင်တန်းကျောင်းတွင် ၆ လ စက်ပြင်ပညာ သင်ယူခဲ့ရသည်။ သင်တန်းပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာနရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၌ပင် ယာဉ်မောင်းအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး တန့်ယန်းမြို့ရှိ လူငယ်သင်တန်းကျောင်း၌ပင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါသည်။ ထိုသို့ ထမ်း ဆောင်ရင်း ၂၀၀၃- ၂၀၀၄ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြန်လည်ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့သည်။ မိခင်ဖခင်တို့၏ ဝမ်းမြောက်မှုကား အတိုင်းထက်အလွန်ဟု ဆိုနိုင်ပေမည်။ ထို့ကြောင့် ၂၀၀၄- ၂၀၀၅ ပညာသင်နှစ်၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ အပတ်စဉ် (၆) ဒီဂရီကောလိပ်ကျောင်းသား ဖြစ်ခွင့်ရခဲ့ပေသည်။"
"စိမ်းလန်းစိုပြည် သန့်ရှင်းသာယာပြီး ရောင်စုံပန်းများ ဖူးပွင့်ဝေဆာလှပနေသော ကျောင်းတော် ကြီးအား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီ။ ထိုကျောင်းတော်ကြီးတွင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် အတူပညာသင်ကြားခွင့်ရခဲ့သည်။ တူညီဝတ်စုံ ဝတ်ရသည်။ အတူတူ နွေးထွေးစွာ ဖေးမကူညီ ချစ်ခင်ကြသည်။ အားကစားလုပ်ရင်း၊ ကိုရင်ဝတ်ရင်း၊ လေ့လာရေးခရီးသွားရင်း အေးအတူ ပူအမျှ ပျော်ရွှင်ခဲ့ရသည်။ တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုရင်းများပမာ ချစ်ခင်ရင်းနှီးမှုက ယနေ့တိုင်ပင်။ ကျောင်းတော်ကြီး၌ လူမျိုးတိုင်း၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဘာသာစကားတို့နှင့် ဖလှယ်ရင်းနှီးခွင့်ရ ခဲ့သည်။ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရင့်သန်စေခဲ့သည်။ ပညာပြည့်ဝစေသည့်အပြင် နှလုံးသားများ ကို အလှဆင်ပေးသော ကျောင်းတော်ကြီးပင်။"
၂၀၀၈ ခုနှစ်တွင် "ထိုဒီဂရီကောလိပ်မှ ပညာဆည်းပူးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် B.Sc (သိပ္ပံ) ဘွဲ့ လက်မှတ်ကို အောင်မြင်စွာလက်ခံရရှိခဲ့ပါသည်။ ကျွန်ုပ် ဘွဲ့ရတစ်ယောက် ဖြစ်ခဲ့ပေပြီ။ နမ့်ခမ်း၊ အောက်ပန်ရုပ်၊ ပလောင်ရွာကြီးတစ်ရွာလုံး ငါတို့ရွာသားတစ်ယောက် 'ပညာတတ်ကြီးဖြစ်ပြီဟေ့' ဟု ကြွေးကြော်လျက် ဂုဏ်ယူနိုင်ခဲ့ပေပြီ။ မိခင်ကြီး၏ အငိုမျက်လုံးများသည်လည်း အပြုံးမျက်နှာဖြစ်ခဲ့ လေပြီ။"
နယ်စပ်ရေးရာဝန်ကြီးဌာနသည်
နယ်စပ်ဒေသအသီးသီးရှိ မိဘမဲ့၊ ဆင်းရဲနွမ်းပါး၊ တိုင်းရင်းသား၊ တိုင်းရင်းသူ လူငယ်လေးများ အား ဦးစားပေး၍ အခြေခံပညာ၊ အလယ်တန်း၊ အထက်တန်း ပညာရပ်များအား အခမဲ့သင်ကြားပေး ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် ၁၉၉၈- ၁၉၉၉ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၂၅,၄၃၄ ဦး ပညာသင်ကြားပေးနိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၃,၈၇၂ ဦးတို့အား အဆင့်မြင့်တက္ကသိုလ်ပညာများတွင် ဆက်လက်သင်ယူနိုင်ရေး မြေတောင်မြှောက်ပေးနိုင်ခဲ့ပါသည်။
ထို ၃,၈၇၂ ဦး တက်ရောက်ပညာသင်ယူခဲ့ကြသည့် တက္ကသိုလ်များမှာ ဆေးတက္ကသိုလ်တွင် ၆ ဦး၊ တပ်မတော်ဆေးတက္ကသိုလ်တွင် ၂ ဦး၊ တပ်မတော်နည်းပညာတက္ကသိုလ်တွင် ၁ ဦး၊ စစ်တက္ကသိုလ်တွင် ၇ ဦး၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ၄၀၃ ဦး၊ နည်းပညာ တက္ကသိုလ်တွင် ၄ ဦး၊ ပြင်ပတက္ကသိုလ်များတွင် ၆၆၁ ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် ၂,၇၂၇ ဦး၊ ပညာရေးကောလိပ်တွင် ၃၀ ဦး၊ သူနာပြုပညာ ကောလိပ် ၁၆ ဦး နှင့် သားဖွား သင်တန်းတွင် ၁၅ ဦး တို့ ဖြစ်ပါသည်။
အဆင့်မြင့်ပညာကဏ္ဍတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ၂ ကျောင်း၊ အခြေခံပညာ ရပ်များအတွက် လူငယ်သင်တန်းကျောင်း ၄၅ ကျောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ အတွက် စက်မှုလက်မှုသင်တန်းကျောင်း ၉ ကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း ၄၇ ကျောင်းတို့ ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်းရင်းသားတို့၏ လူ့စွမ်းအားအရင်းအမြစ်များအား မြေတောင်မြှောက်ပေးနိုင်ခဲ့ သည်။
နယ်စပ်ဒေသအသီးသီးမှ အခြေခံပညာအထက်တန်းအောင်မြင်သော တိုင်းရင်းသားလူငယ်များ၊ လူငယ်သင်တန်းကျောင်း၊ အထောက်အပံ့ခံကျောင်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများမှ တိုင်းရင်းသားလူငယ်များအား ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က အဆင့်ဆင့် စိစစ်ရွေးချယ်ပြီး ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေး၍ ဝိဇ္ဇာဘွဲ့ (B.A)၊ သိပ္ပံဘွဲ့(B.Sc)၊ A.G.T.I ဒီပလိုမာဘွဲ့များ ပေးအပ်ချီးမြှင့်လျက်ရှိပါသည်။
စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ( ရန်ကုန်၊ စစ်ကိုင်း) မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ ပညာသင်ကြားမှုပြီးဆုံးသည့် ဝိဇ္ဇာဘွဲ့ရရှိသူ ၁,၁၀၆ ဦး၊ သိပ္ပံဘွဲ့ရရှိသူ ၂,၂၅၆ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့(A.G.T.I) ရရှိသူ ၁,၅၄၂ ဦးနှင့် အင်ဂျင်နီယာနည်းပညာဘွဲ့ရရှိသူ ၂၇၄ ဦး၊ စုစုပေါင်း ၅,၁၇၈ ဦး တို့အား ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်နယ်၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့အသီးသီးတွင် အကြီးတန်းစာရေး၊ အငယ်တန်းအင်ဂျင်နီယာ (၃) ရာထူးများဖြင့် နိုင်ငံ့ဝန်ထမ်းများ အဖြစ် နိုင်ငံ့တာဝန်များအားထမ်းဆောင်လျက်ရှိပေသည်။
ယခု ၂၀၂၄ ခုနှစ်တွင်လည်း ပြည်နယ်/တိုင်းဒေသကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများမှ သတ်မှတ်အရည်အချင်းကိုက်ညီသူ၊ စိတ်ပါဝင်စားသူများ အဆိုပါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်နိုင်ရေး ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူလျက် ရှိပါသည်။ သက်ဆိုင်ရာ ပညာရေးမှူးရုံးများမှတဆင့် လျှောက်လွှာများအား လျှောက်ထားနိုင်ကြပြီ ဖြစ်သည်။
နှလုံးလှစေ
ကျောင်းတော်ကြီးများ၏ ကျေးဇူးကား ကြီးမားလှပေသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကျောင်းများအားလုံးတွင် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများသည် ကျောင်းစာ များအပြင် ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်ကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် ကိုယ်ကျင့်တရားကောင်းမွန်စေရန်၊ သိမ်မွေ့ ယဉ်ကျေး လိမ္မာစေရန်နှင့် နှလုံးလှစေရန် မေတ္တာစေတနာအပြည့်ဖြင့် သင်ကြားပေးလျက်ရှိပါသည်။
"တပည့်နှင့်ဆရာ၊ ရေနှင့်ကြာ" ဆိုသကဲ့သို့ပင် "ဆရာနှင့်တပည့်" တို့သည် ကိုင်းကျွန်းမှီ၊ ကျွန်း ကိုင်းမှီ အမှီသဟဲပြုနေကြသည်။ ဆရာတို့သည် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများကို အသိပညာ၊ အတတ်ပညာ ဗဟုသုတကို သင်ကြားပေးရုံမက လူငယ်လူရွယ်တို့၏ အကျင့်စာရိတ္တကို ပုံသွင်းပေးကာ လမ်းမှန်ကို ညွှန်ကြားပြသပေးပါသည်။
လူငယ်ဟူသည် လန်းဆန်းတက်ကြွသည်။ နုနယ်ပျိုမျစ်သည်။ ရဲရင့်ဖျတ်လတ်သည်။ အရိုးခံ စိတ်ရှိသည်။ အချိန်အခါသင့်လျှင် မွှေးကြိုင်လှပလာမည့် ဖြူ၊ နီ၊ ညို၊ ပြာ ရောင်စုံဖြာသည့် ပန်းကလေးများနှင့်တူသည်။ ပန်းကလေးများ၏ တင့်တယ်မှုဘဝများကို နုနယ်ချိန်၌ စနစ်တကျ ပဲ့ကိုင်ပေးရပေမည်။ လူငယ်တို့ကို အကျင့်စာရိတ္တမပျက်ပြားအောင် လမ်းမှားမရောက်အောင်ထိန်း ကျောင်းရပါမည်။
အတွေ့အကြုံနုနယ်သေးသော၊ မရင့်ကျက်သေးသောစိတ်ဓာတ်များကို မှန်ကန်သော အတွေး အခေါ်များ ရင့်သန်စေအောင် ဝိုင်းဝန်းကူညီ ထိန်းကွပ်ပေးကြရပေမည်။ လူငယ်နှင့်စာရိတ္တသည် ဆက်စပ်လျက်ရှိသည်။ စာရိတ္တဟူသည်မှာ နှလုံးလှစေသော ကိုယ်ကျင့်တရားကို ဆိုလိုသည်။ ကိုယ်ကျင့်တရားရှိခြင်း၏ မင်္ဂလာရှိပုံကို မင်္ဂလသုတ်တရားတော်တွင် "အတ္တသမ္မာ ပဏိဓိစ" "မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာစောင့် ထိန်းခြင်းသည် မင်္ဂလာမည်၏"ဟု ဖော်ပြထားပါသည်။
နိုင်ငံတော်၏အနာဂတ်သည် လူငယ်တို့လက်ထဲတွင်ရှိသည်မှာ မလွဲဧကန်ဖြစ်သည်။ ထို့ကြောင့် "နိုင်ငံတော်အား ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်" စာရိတ္တကောင်း၏အခြေခံများကို ကျောင်းနေ စဉ် ငယ်ငယ်ကပင် လူငယ်များ၏ရင်ထဲ၊ အသည်းထဲတွင် စွဲဝင်အမြစ်တွယ်နေအောင် မျိုးစေ့ချ ပျိုးထောင်ပေးသင့်သည်။ သို့မှသာ သာယာအေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည် နိုင်မည်ဖြစ်ပါသည်။
နိုင်ငံ့တာဝန်
စာ၏နိဂုံးပိုင်း ရောက်ခဲ့ပေပြီ။
"ကျွန်ုပ် သိပ္ပံဘွဲ့ရပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ရပါသည်။ တာဝန်ခန့် အပ်သော အမိန့်စာရွက်ကိုကိုင်ပြီး တာဝန်ကျရာမြို့သို့ သတင်းပို့ရန် ထွက်ခွာလာခဲ့ပါသည်။ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)ရုံးသို့ ရောက်ခဲ့ပြီ။ ရုံးရှေ့မျက်နှာစာရှိ အစိမ်းရောင်နောက်ခံပေါ်၌ အဖြူရောင်စာလုံးများဖြင့် ဖော်ပြထားသည့် 'နယ်စပ်ဒေသတွင် လူမှုစီးပွားဘဝ အခြေခံအဆောက် အအုံများ အမြန်ဖွံ့ဖြိုး တိုးတက်စေရမည်' ဟူသော စာတန်းကြီးကို ထင်ရှားစွာမြင်ရသည်။"
"နိုင်ငံတော်နှင့် ဒေသအကျိုးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ကောင်းကျိုးများ ဖြစ်တည် စေရန် ကျွန်ုပ်ဆောင်ရွက်ခွင့်ရတော့မည်၊ အလုပ်အကျွေးပြု၍ နိုင်ငံကျေးဇူးဆပ်ခွင့်ရတော့မည် ဟူသော ပီတိအဟုန်ကား ကျွန်ုပ်၏ခန္ဓာကိုယ်အနှံ့ စီးဝင်နေပါတော့သည်။"
"ကျွန်ုပ်သည် တောင်ပေါ်တိုင်းရင်းသား တစ်ဦးဖြစ်၏။ ကျွန်ုပ်တို့ဖွံ့ဖြိုးရေးလုပ်ငန်းများ အထူး အလေးထား ဆောင်ရွက်ပေးနေသည်မှာလည်း တိုင်းရင်းသားတို့၏ဒေသများ၌ပင် ဖြစ်ပေသည်။ တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုကြည့်ပြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စု ကြီးဖြစ်စေရန် နယ်စပ်ဒေသများ၏ ငြိမ်းချမ်းရေးသည် အခရာကျလှပေ၏။ ဒေသများငြိမ်းချမ်းမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဖြစ်သည်။ ဒါကတော့ ကျွန်ုပ်၏ ကိုယ်တွေ့ ပင်ဖြစ်သည်။ ဒါကြောင့် ဒေသများတည်ငြိမ်အေးချမ်းစေရေး နိုင်ငံသားအားလုံးက ပူးပေါင်းပါဝင်နိုင် ကြမှသာ နိုင်ငံတော်၏ရည်မှန်းချက်များ အောင်မြင်နိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။"
စာကဤနေရာတွင် ပြီးဆုံးသွားပါသည်။
ဖွံဖြိုးတိုးတက်မှုဟုဆိုရာဝယ်
စာက ပြီးဆုံးသွားပြီဖြစ်သော်လည်း စာရေးသူ၏အတွေးများက မပြီးဆုံးသေး။
နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဖွံ့ဖြိုးမှုတွင် လူသားအရင်းအမြစ်မှာ အဓိက အရေးပါသောအချက်ဖြစ်သည်။ သဘာဝအရင်းအမြစ်များ မည်မျှပင်ကြွယ်ဝစေကာမူ လူသားအရင်း အမြစ်မကြွယ်ဝပါက နိုင်ငံတိုးတက်မည်မဟုတ်ပေ။ လူသားအရင်းအမြစ်ကြွယ်ဝမှုသည် လူဦးရေ ပမာဏအပေါ်မတည်ပေ။ လူသားတို့၏ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုသာလျှင် အဓိကကျ သောအချက်ဖြစ်သည်။ ထိုလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံအစိုးရများသည် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် ပို၍ရင်းနှီးမြှုပ်နှံရန်လိုအပ်ပါသည်။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုများကို အခြေခံကာ ပြည်ထောင်စုနိုင်ငံတော်ကြီး အဖြစ် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးသည် ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်ခင်ရင်းနှီးနွေးထွေးစွာ အတူတကွ စုစည်းနေထိုင်လာခဲ့ကြသည်။ သွေးချင်းညီအစ်ကိုမောင်နှမများလည်း ဖြစ်ပါသည်။ နိုင်ငံ၏အရင်းအမြစ်များလည်း ဖြစ်ပါသည်။ နေထိုင်ရာရေမြေဒေသ သဘာဝအနေအထားများအရသာ စာပေနှင့်ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ၊ ဘာသာစကားများ မတူကွဲပြားကြခြင်းဖြစ်သည်။ သို့သော် တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစားမှု၊ မြတ်နိုးယုံကြည်မှု၊ တန်းတူတန်ဖိုးထား မှုများဖြင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများပင် မဟုတ်ပါလော။
ထိုတိုင်းရင်းသားတို့နေထိုင်ရာ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို တူညီသောဖွံ့ဖြိုး တိုးတက်မှု ခံစားရရှိနိုင်စေရန် ဟူသောအချက်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မျှော်မှန်းချက်ပင် ဖြစ်သည်။ ထိုသို့မျှော်မှန်းသည့်အားလျော်စွာ ဦးစီးဌာန ၂ ခုဖြင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုး များ၏ ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စိတ်ပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ပညာပြည့်စေ၊ နှလုံးလှစေ၊ ကောင်းကျိုးတည်စေ
ဤသို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အရင်းအမြစ်နှစ်မျိုး လိုအပ်ပါ သည်။ သဘာဝအရင်းအမြစ်နှင့် လူသားအရင်းအမြစ်တို့ဖြစ်သည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားလူငယ်များသည် နိုင်ငံတော်၏လူသားအရင်းအမြစ်များ ဖြစ်ကြသည်။
ထိုသို့ အနာဂတ်ကို ဦးဆောင်ကြမည့် လူငယ်လူရွယ်များ၌ ပညာပြည့်ဝသော မှန်ကန်သော အတွေးအမြင်များ ရှိကြရပါမည်။
လှပသောနှလုံးသားအစုံ၌ မွန်မြတ်သောစေတနာများနှင့် ကောင်းသောအလေ့အထများ ကျင့်သုံးနိုင်ကြရပါမည်။
သို့မှသာ အနာဂတ်နိုင်ငံတော်သည် ကောင်းကျိုးများဖြစ်တည်လျက် နိုင်ငံတကာအလယ်တွင် ခန့်ထည်စွာ ရပ်တည်နိုင်ပေလိမ့်မည်။
ဝထကလသ
(နတလ)