အောက်တိုဘာလ ၃၁ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဥ် (၁၇) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အထူးဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ၊ အလုပ်ခန့်အပ်လွှာ ပေးအပ်မည့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)မှ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိသားစုဝင်များတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား နယ်စပ်ဒေသများ၌ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့ကို တည်ထောင်ဖွင့်လှစ် ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)ကို စတင် ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၅၆၀ ဦး၊ သိပ္ပံဘွဲ့ ၉၈၁ ဦး၊ B.Tech ၁၃၉ ဦး၊ A.G.T.I ဒီပလိုမာ ၇၆၅ ဦး စုစုပေါင်းတိုင်းရင်းသား လူငယ် ၂,၄၄၅ ဦးတို့ကို ပြုစုပျိုးထောင်မွေးထုတ် ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မဟာဝိဇ္ဇာဘွဲ့ ၁၁၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၁၆ ဦး၊ ပါရဂူဘွဲ့ ၃၂ ဦး၊ B.Tech ၃၄၆ ဦး၊ B.E ၆၂၅ ဦး၊ M.E ၃၄ ဦး အသီးသီးအောင်မြင်မှုရရှိခဲ့သည့်အပြင် ဘာသာရပ်အလိုက် ဆက်လက် ကြိုးစားသင်ယူဆဲ ကျောင်းသား၊ ကျောင်းသူများလည်းရှိနေကြောင်း သိရှိရသည့် အတွက် အားရဂုဏ်ယူဖွယ်ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အတုယူကြိုးစား အားထုတ်သွားကြရန် မှာကြားလိုကြောင်း။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ဒီဂရီကောလိပ်များမှ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်စေရန်” ဟုလမ်းညွှန်မှာကြားချက်အရ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရ ကျောင်းသား ကျောင်းသူများအား ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနများတွင်လည်းကောင်း၊ A.G.T.I ဒီပလိုမာရကျောင်းသားကျောင်းသူများအား နယ်စပ် ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနများတွင် လည်းကောင်း အချိုးကျခွဲဝေတာဝန် ပေးခန့်အပ်သွားမည်ဖြစ်ပါကြောင်း။
မောင်တို့မယ်တို့သည် ပညာခေတ်ကြီးမှာ ကြီးပြင်းခဲ့ကြသူများဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများကို အဆင့်မြင့်မြင့် တတ်မြောက်အောင် ဆက်လက်ကြိုးစား လေ့လာသွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လူငယ် များ၏ အဓိကစွမ်းအားစုအဖြစ် ပါဝင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် နှင့်ပြည့်စုံစေရေးစသည့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၌ ပါဝင်ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုကြီး တစ်ခုလုံး ဘက်ပေါင်းစုံဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်း အင်အားဖြင့်ဆောင်ရွက်မှသာ ဖွံ့ဖြိုး တိုးတက်မှုသည် ရေရှည်တည်တံ့ခိုင်မြဲစေနိုင်မှာ ဖြစ်ပါကြောင်း၊ ထို့အပြင် မောင်တို့မယ်တို့ အနေဖြင့် ဝန်ထမ်းအဖြစ်တာဝန် ထမ်းဆောင်ကြသည့်အခါ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ အတိုင်း ကျင့်ဝတ်စည်းကမ်းတန်ဖိုးများကို သိရှိလိုက်နာပြီး လုပ်ငန်း စွမ်းဆောင်ရည်အပြည့်ဖြင့် မြင့်မားသောစိတ်ဓာတ်၊ မှန်ကန်သောခံယူချက်၊ မြင့်မြတ်သောအကျင့် စာရိတ္တကောင်းများကို လက်ကိုင်ပြု၍ အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော်၏တာဝန်များကို ကြိုးစားထမ်းဆောင် သွားကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်း၊ အစဉ်အလာကြီးမားသည့် အမိ ကျောင်းတော်ကြီး၏ ပုံရိပ်ကိုဆက်လက်ထိန်းသိမ်းကာ ဘက်စုံထူးချွန်ထက်မြက်သူများဖြစ်အောင်၊ မိမိတို့၏ကိုယ်ပိုင် အရည်အချင်း၊ အရည်အသွေးတို့ကို ပိုမိုမြင့်မားအောင် စဉ်ဆက်မပြတ် လေ့လာဆည်းပူး အားထုတ်၍ ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆု ရရှိသူ ၂ ဦးအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က A.G.T.I ဒီပလိုမာ ထူးချွန်ဆု ရရှိသူ ၁ ဦး အားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနအသီးသီးမှ ကိုယ်စားလှယ်များက အလုပ်တာဝန်ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အခမ်းအနား သို့တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြပြီး ထူးချွန်ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားကာ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်းရှိ အားကစား ကွင်းနှင့်ပွဲကြည့်စင်၊ ဆောက်လုပ်ဆဲ ၄ ထပ်အင်ဂျင်နီယာအလုပ်ရုံ၊ အိပ်ဆောင်များ၊ သက်သာချောင်ချိရေးအတွက်ဆောင်ရွက်ထားရှိသည့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများနှင့် သာယာလှပရေးဆောင်ရွက် ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းမှာကြားခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှု အားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ
Post Paragraph
Paragraph Images
video-upload