ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၁၃
    ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အလုပ်သဘောလေ့လာရေးခရီး ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဒုတိယဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H. E. Mr. Truong Hoa Binh အား သွားရောက် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံစဉ် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ဒေသနေ ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင် ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။
    ထို့အတူ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟနွိုင်းမြို့၊ ပြည်သူ့ရေးရာကော်မတီ အကြီးအကဲ Mr. Ngo Van Quy နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး နေ့လည်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီ ဥက္ကဌ/ဝန်ကြီး H. E. Mr. Do Van Chien ဦးဆောင်သောအဖွဲ့နှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ဗီယက်နမ်လူမျိုးစုရေးရာကော်မတီတို့အကြား တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတိုင်းရင်းသားများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချ ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်း အစည်းအဝေးကျင်းပ ခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph