နေပြည်တော်၊ မေလ ၂၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား အား ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ IDP များအား လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ထောက်ပံ့ကူညီပေးနေမှု အခြေအနေများနှင့် နေရပ်ပြန်လည်နေရာ ချထားရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ကုလသမဂ္ဂမှ ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ အဆိုပါ လုပ်ငန်းစဉ်များ၏ တိုးတက်ဖြစ်ထွန်းမှု အခြေအနေမျာနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါ သည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှအမြဲတမ်းအတွင်း၀န်၊ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။