နေပြည်တော် ဒီဇင်ဘာလ ၁၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel သည် ယနေ့ မွန်းလွဲ (၃) နာရီခွဲ အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် မောင်တောနယ်မြေ၏ လက်ရှိ တည်ငြိမ်အေးချမ်းမှု၊ တိုးတက်မှုနှင့် လုံခြုံရေးအခြေအနေများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားပေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပေးအပ်ရာတွင် လိုအပ်သည် များအား ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဒေသအတွင်း လွတ်လပ်ခွင့်၊ လုံခြုံမှုနှင့် လူ့အခွင့်အရေး ဟန်ချက်မျှတမှုရှိစေရေး လက်ရှိမြေပြင် အခြေအနေများနှင့် ကိုက်ညီအောင် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူမှု အသိုက်အဝန်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲ နေထိုင်ရေးနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နှစ်နိုင်ငံပိုမို ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။