နေပြည်တော်၊ ဧပြီလ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Peter Lysholt Hansen သည် ယနေ့ နေ့လည် (၁၅:၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံ၊ ကဏ္ဍစုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှု၏ အောင်မြင်ဖြစ်ထွန်းမှုများ၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသ၏ လက်ရှိ တည်ငြိမ်အေးချမ်းမှုအား ဆက်လက်၍ ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ဒေသအတွင်း စီးပွားရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုအခြေ အနေများ၊ နယ်စပ်ဒေသများရှိ IDPs များ နှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။