ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား Global Commission on Drug Policy (GCDP) ဥက္ကဌ၊ ဆွစ်ဇာလန်နိုင်ငံ သမ္မတဟောင်း လာရောက်တွေ့ဆုံ

နေပြည်တော် ဧပြီလ ၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Global Commission on Drug Policy (GCDP) ဥက္ကဋ္ဌ၊ ဆွစ်ဇာလန် နိုင်ငံ သမ္မတဟောင်း    Ms. Ruth Dreifuss သည် ယနေ့နံနက်(၁၁) နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။
    ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များ၏ဘေးအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ဗဟိုအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်နေမှုအခြေအနေ များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို မူဝါဒများ၊ လုပ်ငန်းအစီအမံများ ချမှတ်၍ တစိုက်မတ်မတ် ကွင်းဆင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံ၊ ကဏ္ဍစုံမှ ဆောင်ရွက်ပေး နေမှု၏ အောင်မြင်ဖြစ်ထွန်းမှုများ၊ နယ်စပ် ဒေသရှိ IDPs များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးနေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် GCDP တို့ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊  အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။