ပြည်ထောင်စုဝန်ကြီးများ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

စစ်တွေ သြဂုတ် ၁၅

     ရခိုင်ပြည်နယ်၌ ရောက်ရှိနေသည့် နယ်စပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးဖုန်းတင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့ကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုကြပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများကို နှစ်သိမ့်အားပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ရသေ့တောင်မြို့သို့ ရောက်ရှိကြပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ ဆုံ၍ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားကြသည်။

     ယင်းနောက် ရသေ့တောင်မြို့နယ် ဒေသခံပြည်သူများက လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားခံများ ဖော်ထုတ်ဖမ်းဆီးရရှိရေး၊ စာသင်ကျောင်းများ ပြုပြင်တည်ဆောက်ပေးရေး၊ အမျိုးသမီးငယ်များအတွက် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ဖွင့်လှစ်ပေးရေးကိစ္စများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး များက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

     ထိုမှတစ်ဆင့် ကျောက်တော်မြို့ရှိ မဟာမုနိဘုရားကြီး၊ မြောက်ဦးမြို့ရှိ ရန်အောင်ဇေယျ(ခေါ်) သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန့်သိမ်ပုထိုးတော်ကြီးနှင့် ရတနာ မာရ်အောင်စေတီတော်တို့ကို ဖူးမြော်ကြည်ညိုကြသည်။

    ထို့နောက် မွန်းလွဲပိုင်းတွင် မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံသည်။

     တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် ပညာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေး၊ ထောက်ပံ့ပေးရေးကိစ္စများကို ရှင်းလင်းပြောကြားကြသည်။

     တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မြောက်ဦးဒေသခံပြည်သူများက လူမှုရေး ပြဿနာများ၊ ရင်ဆိုင်နေရသောအခက်အခဲများ၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ပြည်သူများ၏ လုံခြုံရေးအခြေအနေ၊ လုပ်ကိုင်စားသောက်ရန် စိုက်ပျိုးရေးနည်း ပညာများ သင်ကြားပြသပေးရန်၊ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက မည်ကဲ့သို့ သတင်းပို့အကြောင်းကြားရမည်ကို သင်ကြားပြသပေးရန် တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပေးသည်။

သတင်းနှင့် ဓာတ်ပုံ - အေဝမ်းစိုး၊ မျိုးသူဟိန်း

Post Paragraph