
ဒီဇင်ဘာလ ၂၆ ရက်
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်း ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး များနှင့် လူမှုရေးရာဝန်ကြီးတို့က Online System ဖြင့်တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားအဆင့်ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်ကော်မတီများ ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၃ နှစ်ကျော်ကာလ အတွင်း အထိုက်အလျောက် အောင်မြင်မှုရရှိခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့် ကော်မတီများအနေဖြင့် ယခင်အစည်းအဝေး (၁/၂၀၂၄) ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ ဒေသ အသီးသီးရှိ IDP၊ တိုက်ပွဲရှောင်နှင့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်သူများ အတွက် သက်ဆိုင်ရာ ကော်မတီအလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အလိုက် ဆောင်ရွက် ပေးနိုင်မည့် ကိစ္စရပ်များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ထားရှိမှု အခြေအနေ များကို ယခုအစည်းအဝေးတွင် ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြကြရန်ဖြစ်ပါကြောင်း။
အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ခုနှစ် မေလ ၂၃ ရက်နေ့မှ လက်ရှိအချိန်ထိ ၇ လတာ ကာလအတွင်း စုစုပေါင်းအိမ်ထောင်စု ၃၅,၂၄၅ စု၊ လူဦးရေ ၁၄၁,၇၈၈ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင် ခဲ့ပြီး၊ ယာယီခိုလှုံရာစခန်းများ/ စုရပ်များ ၃၈၀ ခုကို ထပ်မံပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ လူသားချင်း စာနာမှု၊ အကူအညီပေးမှုများအပြင် စုစုပေါင်း ကျပ်ငွေ ၆,၄၇၇ သန်းကျော်ဖြင့် လမ်းဖောက်လုပ်ခြင်း၊ အိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်းများ၊ ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အိမ်/ကျောင်းဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ထောက်ပံ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
လက်ရှိ အခြေအနေတွင် ယာယီနေရပ် စွန့်ခွာသူများအတွက် အခြေခံ လိုအပ်ချက်များကို ပြည်ထောင်စု၊ ပြည်နယ်နှင့် စေတနာရှင်၊ အလှူရှင်များပေါင်းစပ်၍ တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်၊ နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်းမှုရှိသည်နှင့်အမျှ မူလနေရပ်များသို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ပြည်တွင်းနေရပ်စွန့်ခွာသူများအား မူလနေရပ်များအပါအဝင် ပြန်လည်နေရာချထားသည့် ဒေသများ၌ အမှီအခိုကင်း၍ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင်နိုင်စေရန် စီမံဆောင်ရွက်ပေးခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာအောင် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းများဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကိုလျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသတွင်း ဖွံ့ဖြိုးရေး အစီအစဉ်များကို ဖော်ဆောင်နိုင်ရေးအတွက်လည်း များစွာအထောက်အကူပြုစေမှာဖြစ်ပါ ကြောင်း၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများကို စနစ်တကျစီမံခန့်ခွဲ၍ အရှိန်အဟုန် မပျက်ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းကော်မတီများ၊ပြည်နယ်အဆင့်ကော်မတီများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ အားလုံးကလည်း အချိတ်အဆက်မိမိ ဟန်ချက်ညီညီဖြင့် ထိရောက်ပီပြင်စွာ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက် သွားကြစေလိုပါကြောင်း မှာကြားခဲ့ပါ သည်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ယာယီခိုလှုံရာ စခန်း/ စုရပ်များရှိ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ ပေးနေမှုအခြေအနေ၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးမှုအခြေအနေ၊ မူလနေရပ်သို့ ပြန်လည်နေထိုင်သူများအတွက် လတ်တလော လိုအပ်သည်များ ထောက်ပံ့ကူညီပေးလျက်ရှိသည့်အခြေအနေ၊အမျိုးသားအဆင့်ကော်မတီတွင်ရန်ပုံငွေထူထောင်နိုင်ရေး ဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် လူမှုရေးဝန်ကြီးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများအား ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူတို့က သုံးသပ်အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေး ရှင်းလင်းတင်ပြကြရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ တို့က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။