နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစားထိုး သီးနှံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ စီမံကိန်း တွဲဖက် ဝန်ထမ်းများအတွက် ပထမအကြိမ် အစားထိုးဖွံ့ဖြိုးရေး ဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်ကြပါသည်။
အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံ၏ ဘိန်းသမိုင်းကြောင်း၊ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ အမျိုးသားရေးမူဝါဒများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းစဉ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှုပပျောက်ရေးဆိုင်ရာ ယဉ်ကျေးမှု၊ လူမှုစီးပွား နောက်ခံသမိုင်းကြောင်း နှင့် လက်ရှိအခြေအနေများစသည့် ဘာသာရပ်များအား သင်ကြားချသွားမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းသို့ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ဌာနမှူးများနှင့် ညွှန်ကြားရေးမှူးများ၊ ရန်ကုန်မြို့ရှိ JICAမြန်မာရုံးမှ Representative Ms. Noriko SETO၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) JICA စီမံကိန်းမှ ဂျပန်ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပြီး သင်တန်းသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ သင်တန်းသား/သူ (၁၂) ဦးတို့ တက်ရောက် ကြပြီး သင်တန်းအား ဇူလိုင်လ (၂၇) ရက်နေ့ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။