ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူများနှင့် ပြင်သစ်နိုင်ငံမှ Malongo ကော်ဖီကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော် ဒီဇင်ဘာ ၈
     ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူများနှင့် ပြင်သစ်နိုင်ငံမှ Malongo ကော်ဖီကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ UNODC မှ ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိများ၊ ဘိန်းအစားထိုး Green Gold ကော်ဖီစိုက်တောင်သူများ သမဝါယမအသင်းနှင့် ပြင်သစ်နိုင်ငံမှ Malongo ကော်ဖီကုမ္ပဏီတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ယနေ့ကမ္ဘာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ သုံးစွဲမှုစသည့် စိန်ခေါ်မှုများသည် အချိန်တိုင်းတွင် ပြောင်းလဲဖြစ်ပေါ် နေလျက်ရှိကြောင်း၊ စိန်ခေါ်မှုများကို ထိရောက်မှန်ကန်စွာ ရေရှည်ဖြေရှင်းနိုင်ရန် တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ တုံ့ပြန်ရမည်ဖြစ်ကြောင်း။
    ယနေ့အခမ်းအနားသည် ချမှတ်ခဲ့သည့် မူးယစ်ဆေးဝါးမူဝါဒ၏ အဓိကရည်မှန်းချက် တစ်ခုဖြစ်သည့် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေးမူဝါဒကို ဖော်ဆောင်ရေးတွင် ကောင်းမွန်သည့်ပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးရေး ဆက်လက်အောင်မြင်ဖြစ်ထွန်းလာပါက တောင်သူများအတွက် အကျိုးစီးပွားတိုးတက် ကောင်းမွန်စေမည့် ဘိန်းအစားထိုးလူမှုဘဝမြှင့်တင် ရေးနည်းလမ်းကောင်းတစ်ခု ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း။
    ဘိန်းစိုက်ပျိုးမှုကို မှီခိုခြင်းမရှိစေခြင်းဖြင့် ဘိန်းစိုက်တောင်သူများသည် ဘိန်း၊ဘိန်းဖြူ စသည့်ပြဿနာများကို ၎င်းတို့လူ့အဖွဲ့အစည်း အတွင်း လျှော့ချလာနိုင်မည်ဖြစ်သကဲ့သို့ ဘိန်းစိုက်ပျိုးမှုကြောင့်ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အစားထိုးဖွံ့ဖြိုးရေးအစီအစဉ်များသည် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများရုံမျှမက ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးကိုပါ အကျိုးကျေးဇူး ရရှိစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ လူထုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ရှေ့ဆက်အတူတကွ လုပ်ကိုင်ဆောင်ရွက်သွားရန်နှင့် ယခုကဲ့သို့သော အရေးကြီးသည့် လုပ်ငန်းများတွင် ဆက်လက်ပံ့ပိုး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
     ဆက်လက်၍ UNODC အရှေ့တောင် အာရှပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Jeremy Douglas၊ ပြင်သစ်နိုင်ငံ Malongo ကော်ဖီကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Jean-Pierre Blanc နှင့် Green Gold ကော်ဖီစိုက်တောင်သူ သမဝါယမ အသင်းဥက္ကဋ္ဌ ဦးလှစိုးတို့က နှုတ်ခွန်းဆက် စကားပြောကြားကြသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် UNODC အရှေ့တောင်အာရှ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Jeremy Douglas တို့ရှေ့မှောက်၌ Green Gold ကော်ဖီစိုက် တောင်သူ သမဝါယမအသင်းနှင့် Malongo ကော်ဖီကုမ္ပဏီတို့အကြား သဘောတူစာချုပ် Malongo ကို ကော်ဖီကုမ္ပဏီမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် Green Gold ကော်ဖီ စိုက်တောင်သူ သမဝါယမအသင်း ဥက္ကဋ္ဌတို့ကလက်မှတ် ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြကြောင်း သတင်းရရှိသည်။