မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် လိုက်လံကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုများအား နှစ်သိမ့်အားပေးစကား ပြောကြား

နေပြည်တော်   မတ်    ၃၁ 
     နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသော မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရုံးအမှတ်(၄၂) နယ်စပ်‌ရေးရာဝန်ကြီးဌာနနှင့်  ဝန်ထမ်းအိမ်ရာများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ ၂၉ ရက်က   ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအမှတ် (၄၂)  နယ်စပ်ရေးရာဝန်ကြီးဌာန  ရုံးပတ်ဝန်းကျင်၌  ပျက်စီးဆုံးရှုံးမှုများ၊ ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေများအား     ကြည့်ရှုစစ်ဆေးခဲ့ပြီး ကယ်ဆယ်‌ရေးလုပ်ငန်းများအား သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားကြရန်၊ ထူးခြားဖြစ်စဉ်များကို သက်ဆိုင်ရာ  တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၊   ဝန်ထမ်းမိသားစုများအား   အားပေးစကားများပြောကြားခဲ့သည်။
   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့တွင်  ရုံးအမှတ် (၄၂) နယ်စပ် ရေးရာဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသော သဘာဝဘေးယာယီကယ်ဆယ်ရေးစခန်း၌ တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ နေထိုင်စားသောက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း မှာကြားကာ  ယာယီကယ်ဆယ်ရေးစခန်းရှိ  ဝန်ထမ်းမိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး   ရုံးခန်းများနှင့်  ရုံးဝင်းအတွင်း   သန့်ရှင်း‌‌သပ်ရပ်အောင် ပြန်လည်ဆောင်ရွက်နေမှု အခြေအနေများအား   ကြည့်ရှုစစ်ဆေး၍    လိုအပ်သည်များ မှာကြားခဲ့သည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအား ကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ၏ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး   ဂုဏ်ပြုချီးမြှင့်ငွေများ   ပေးအပ်ခဲ့သည်။
   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများ၌ ငလျင်ဒဏ် ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များကို   ရုံးအမှတ်(၄၂) နယ်စပ်ရေးရာဝန်ကြီးဌာန၌ ယာယီဖွင့်လှစ်ထားရှိသည့် သဘာဝဘေးယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။