နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ - ၁၅
   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
   အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ စိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး လာအိုနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး(ငြိမ်း)နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ၊ AHA Center အမှုဆောင် ဒါရိုက်တာ Mr. LEE YAM MING ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Heuangseng KHAMDALAVONG နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
   ထိုသို့တွေ့ဆုံရာတွင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှု အခြေအနေများ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိမှုနှင့် အကူအညီ လိုအပ်လျက်ရှိသည့်ပြည်သူများ လက်ဝယ်ရောက်ရှိရေး အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ ပြည်သူများ၏လိုလားချက် ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့်ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊  မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအနေမှန်များကို သိရှိအောင်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့်အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံ နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သင့်သည့် အချက်များဆွေးနွေးရန်တို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
   တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့် AHA Center အမှုဆောင် ဒါရိုက်တာတို့အား မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ပေးအပ်ပြီး မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload