နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

သထုံ ဩဂုတ် ၂၃
   မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၂၂ ရက်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)၌ ကျင်းပသည်။
   ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး၊ Social Mediaများမှ သတင်းတု၊ သတင်းမှားများကို သတိပြုနိုင်ရေး အချိန်ကိုစီမံခန့်ခွဲတတ်စေရေးနှင့် အောင်မြင်သော လူငယ်တစ်ဦးဖြစ်လာစေရေးအတွက် လိုက်နာသင့်သည့်အချက်ကိုးချက်ကို ဆွေးနွေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဟောပြောသူများက ပြန်လည်ဖြေကြားပေးသည်။
   ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။
   အဆိုပါ အခမ်းအနားသို့ သထုံခရိုင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအုန်းကြိုင်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးလောင်းထန်နှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
 

Post Paragraph