နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကမ္ဘာ့လူသားအဖွဲ့အစည်း (TPA)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆီဆိုင်မြို့ သန့်ရှင်းသောသောက်သုံးရေနှင့် စိုက်ပျိုးရေဖြန့်ဝေပေးရေးစီမံကိန်း (တစ်ဖက်ပိတ်ဆည်) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၃

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့လူသားအဖွဲ့အစည်း(TPA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆီဆိုင်မြို့ သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေဖြန့်ဝေပေးရေးစီမံကိန်း (တစ်ဖက်ပိတ်ဆည်) ဖွင့်ပွဲအခမ်းအနားအား မတ်လ (၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့ဦးရေထွက်၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန်ဖြစ်သူ Mr. IWASE Keita ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ TPA အဖွဲ့ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူအင်အား (၁၈၀၀) ကျော် တက်ရောက်ခဲ့ ကြသည်။

          ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အဖွင့် အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ် သည့် Terra  People Association (TPA) နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အပြန်အလှန် ဆက်နွယ်အကျိုးပြု လူမှု့အဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအား ၂၀၀၃ ခုနှစ် ကတည်းက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြစ်သော ရေရရှိရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူးရေး ကဏ္ဍများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ကမ္ဘာနိုင်ငံအချို့တွင် ရေရှားပါးမှု ၊ ရေးဘေးအန္တရာယ်ကြုံတွေ့မှုများ မြင့်တက်လာသည်နှင့်အမျှ မိမိတို့နိုင်ငံအနေဖြင့်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်နိုင်ရန်၊ ရေအရင်းအမြစ်များကို စနစ်တကျ အကျိုးရှိရှိ ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်တို့အတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်းထားပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကန်(၁၀၀)၊ တွင်း(၁၀၀) စီမံကိန်းအရ ရခိုင်ဒေသအပါအဝင် နယ်စပ်ဒေသများ၌ သောက်သုံးရေကန်များ တူးဖော်ပေးခြင်း၊ စက်တူးတွင်း၊ လက်တူးတွင်းများနှင့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများ နှင့် မိုးရေခံ လူထုလှုပ်ရှားမှု ရှေ့ပြေးစီမံကိန်းများအပါအဝင် ရေနှင့် ဆက်နွယ်နေသော အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် ပေးခဲ့ရာ ရေကန် (၁၄၂)ကန်၊ ရေစုကန် (၃၄၃)ကန်၊ ရေတွင်း(၂၉)တွင်း၊ လက်ရိုက်အဝီစိတွင်း (၃၅)တွင်း၊ စက်တူးတွင်း(၅၉)တွင်း၊ မြစ်ရေတင်လုပ်ငန်း (၂)ခု၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း (၄၁၄)ခု တို့ကို ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း၊ ယခု တည်ဆောက်ပေးခဲ့သော သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုရေဖြန်ဝေပေးရေးစီမံကိန်း (တစ်ဖက်ပိတ်ဆည်)အား ရေရှည်တည်တံ့ခိုင်မြဲစွာ အကျိုးကျိုးရှိရှိ သုံးနိုင်ရန်အတွက် ဒေသခံ ပြည်သူလူထုအားလုံးကလည်း ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထိုနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာလင်းထွဋ်က အမှာစကားပြော ကြားရာတွင် ရှမ်းပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့်ပြည်နယ် ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် သောက်သုံးရေရရှိရေး(၁၅၅/၇)မိုင်၊ စိုက်ပျိုးရေရရှိရေး(၃/ဝ)မိုင်၊ တွင်းတိမ် (၁)တွင်းနှင့် ဂါလံ(၅၀၀၀)ဆံ့အုတ်ရေကန် (၂၆)ကန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနအနေဖြင့် စိမ့်စမ်းရေးသွယ် (၇)ခုနှင့် တွင်းနက်(၁၈)တွင်း စုစုပေါင်း (၂၅)ခု ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် တွင်းနက်(၂၅)တွင်း၊ တွင်းတိမ် (၁၃)တွင်း၊ လက်တူးတွင်း(၃)တွင်း၊ မြေသားရေကန်(၉)ကန်၊ စိမ့်စမ်းရေသွယ်(၁၃၃)ခု၊ အခြားရေရရှိရေးလုပ်ငန်း (၇၄)ခုအစရှိသည့် လုပ်ငန်းစုစုပေါင်း(၂၅၇)ခုကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း စည်ပင်သာယာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် (JICA)တို့ပူးပေါင်း ပြီး တောင်ကြီး၊ ကလော၊ ရွာငံ၊ ပင်းတယ၊ ရပ်စောက်၊ နောင်တရား၊ ပင်လောင်းနှင့် ဖယ်ခုံမြို့တို့တွင် (JICA) (ODA−Loan) ဖြင့် မြို့ရေပေးရေလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန်ဖြစ်သူ Mr. IWASE Keita ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးခွန်စံလွင်နှင့် TPA မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. SHIBATA  Kyoko တို့က စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြကာ ဒေသခံများကိုယ်စား ဘုရားဖြူကျေးရွာမှ ရပ်မိရပ်ဖဖြစ်သူ ဦးခွန်စံဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

           ထို့နောက် ဆီဆိုင်မြို့ သန့်ရှင်းသောသောက်သုံးရေနှင့် စိုက်ပျိုးရေဖြန့်ဝေပေးရေးစီမံကိန်း (တစ်ဖက်ပိတ်ဆည်)တည်ဆောက်ခြင်းဆိုင်ရာ စာရွက်စာတမ်းများအား TPA အဖွဲ့မှ မြို့ရေဖြန့်ဝေရေး နှင့်ထိန်းသိမ်းစောင်ရှောက်ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား စီမံကိန်းအထိမ်းအမှတ်တံဆိပ်နှင့် ဒေသထွက် လက်ဆောင်များပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ဆီဆိုင်မြို့ သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေ ဖြန့်ဝေပေးရေးစီမံကိန်း (တစ်ဖက်ပိတ်ဆည်)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်း မော်ကွန်း ကျောက်စာတိုင်ကို ဇဝနာရာမကျောင်းတိုက် ဆရာတော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များမှ အမွှေးနံသာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

          ဆက်လက်၍ ဆီဆိုင်မြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေမည့် ရေတံခါးအား အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန်ဖြစ်သူ Mr. IWASE Keita နှင့် TPA မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. SHIBATA  Kyoko တို့က ဖွင့်လှစ် ပေးပြီး ဂါလံ(၁၀၀၀၀၀)ဆံ့ရေစုကန်သို့ တွန်းပို့မည့်  ရေတင်စက်ခန်းအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။ ထိုနောက် ဆီဆိုင်မြို့ ပတ်ဝန်းကျင်ရှိ  စိုက်ပျိုးမြေများသို့ စိုက်ပျိုးရေဖြန့်ဝေပေးမည့် ရေတံခါးအား ဆက်လက် ဖွင့်လှစ်ပေးကာ တစ်ဖက်ပိတ်ဆည်အား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

          ယနေ့ဖွင့်လှစ်ပေးခဲ့သော  ဆီဆိုင်မြို့ သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေဖြန့်ဝေပေးရေး စီမံကိန်းသည် ဆီဆိုင်မြို့ပေါ် ရပ်ကွက် (၆)ရပ်ကွက်နှင့် အနီး ပတ်ဝန်းကျင်ကျေးရွာ (၄)ရွာရှိ လူဦးရေ (၁၅,၇၄၅)ဦးအတွက် သန့်ရှင်းသော သောက်သုံးရေများ ရရှိအသုံးပြုနိုင်မည့်အပြင် စိုက်ပျိုးမြေ (၃၉၀)ဧကအတွက်  စိုက်ပျိုးရေသွယ်ယူပေးနိုင်မည်  ဖြစ်ကြောင်းသတင်းရရှိသည်။