ဖရူဆိုမြို့နယ်အတွင်း ကျေးရွာချင်းဆက် ကျောက်ချောလမ်း ၉၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

မေလ      ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်နယ်/ ပြည်မ အကြားအလပ် မရှိ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၃၆၈ ဒသမ ၃၅၄ သန်းဖြင့် ရာဧပရား ကျေးရွာ အုပ်စု၊ ရာဧပရား - ယိုစပရား - ခရို့ခို ကျေးရွာချင်းဆက် မြေသားလမ်း ၈ မိုင် ၃ ဖာလုံအနက် ၃ မိုင် ၃ ဖာလုံ ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့သည်။

          အဆိုပါ ကျေးရွာချင်းဆက်ကျောက်ချောလမ်း ပြီးစီးပါက ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၃၆၂ အိမ်၊ လူဦးရေ ၁၅၃၄ ဦး တို့အနေဖြင့် ဖရူဆို မြို့နယ်၊ ဒီးမော့ဆို မြို့နယ်နှင့် လွိုင်ကော် မြို့နယ်များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်တော့မည်ဖြစ်သဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ ပျော်ရွှင်ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။