ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်၊ တောင်းဆိုချက်များအတိုင်း အစီအမံများချပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိ

မောင်တော အောက်တိုဘာ ၂ဝ

     ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီက မောင်တောမြို့ရှိ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းသို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဏိသာရအား ဖူးမြော် ကြည်ညိုကာ ဆရာတော်ထံမှ သြဝါဒခံယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ်(၈) စစ်မြေပြင်ဆေးတပ်ရင်း နယ်လည့်ဆေးကုသရေးအဖွဲ့မှ ဆေးကုသပေးနေသည့် ဒေသခံပြည်သူများနှင့် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ်မှ ခေတ္တစွန့်ခွာလာသူများကို အားပေးစကားပြောကြားကြသည်။

     ထို့နောက် မောင်တောမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် နေရပ်မှ ခေတ္တစွန့်ခွာလာသူများ၊ ကူညီစောင့်ရှောက် ပေးနေသည့် လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။

     ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒေသနှင့် ဆက်စပ်နယ်မြေများအား နယ်မြေဒေသလုံခြုံရေး၊ အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးကိုအပြည့်အဝ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက် တောင်းဆိုချက်များအတိုင်း အစီအမံများချပြီး လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ရှိပြီး ရဲစခန်း များအပြင် စခန်းသစ်များကို တိုးချဲ့ပြီး ရဲတပ်ဖွဲ့ဝင် အင်အားနှင့် လက်နက်များကို တိုးမြှင့်တပ်ဆင်ပေးထား ပြီးဖြစ်ကြောင်း၊ တပ်မတော်ကလည်း နယ်မြေစိုးမိုးရေး အတွက် လှည့်ကင်းများဆောင်ရွက်လျက်ရှိကြောင်း။

     ဒေသခံများအနေဖြင့် စိုးရိမ်စရာမလိုတော့ဘဲ တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် မိမိတို့နေရပ် ပြန်မည်ဆိုပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း မိမိတို့နေရပ် ပြန်လည် နေထိုင်စဉ် စားရေးသောက်ရေးအခက်အခဲရှိပါကလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စားနပ်ရိက္ခာများကို ထောက်ပံ့ကူညီပေး သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကလည်း လိုအပ်သည်များကို ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ရေရှည်တွင်လည်း နယ်မြေဒေသ လမ်းပန်း ဆက်သွယ်ရေးကအစ ကောင်းမွန်စေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ လုံခြုံရေးကိုလည်း ရေရှည်အတွက်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နေရပ်ခေတ္တစွန့်ခွာလာသူများနှင့် ကူညီစောင့်ရှောက်ပေးနေသည့် လူမှုရေးအဖွဲ့အစည်းများက တင်ပြလာသည့် အကြံပြုချက်များကိုလည်း အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

     ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ်မှ ခေတ္တစွန့်ခွာလာပြီး မောင်တောမြို့ရှိ အောင်မြေဗောဓိ အလိုတော်ပြည့် ကျောင်းသို့ ရောက်ရှိနေသည့် ဒေသခံများသည် နယ်မြေ အေးချမ်းလာပြီဖြစ်သည့်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ¤င်းတို့နေရပ်အသီးသီးသို့ မော်တော်ယာဉ် များဖြင့် ပြန်လည်ထွက်ခွာသွားရာ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။