ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား စိစစ်အတည်ပြုရွေးချယ်

နိုဝင်ဘာလ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် သင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ ၃၀၄ ဦး တို့အား စိစစ်အတည်ပြု ရွေးချယ်ခဲ့ပါသည်။ 
ဒုတိယဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေး ဆောင်ရွက်သည့်နေ့ရက်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ် သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒီဂရီကောလိပ်အတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင်ဆောင်များနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပါသည်။
ဒီဂရီကောလိပ် (ရန်ကုန်) တွင် သင်တန်းသားရွေးချယ်ရေးကော်မတီက စိစစ်ရွေးချယ်ပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph