ပခုက္ကူ ဇူလိုင် ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဇူလိုင်လ ၂၆ ရက်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ပခုက္ကူခရိုင်ရုံး) လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးမြင့်က အားကစားနည်းအမျိုးမျိုး၊ အားကစား နည်းများအလိုက် ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှုများ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲကျင်းပနေမှုများ၊ လူငယ်များအားကစားကို ချစ်မြတ်နိုးပြီး ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ မြန်မာ့အားကစားလောကဖွံ့ဖြိုး တိုးတက်ရေး မျိုးဆက်သစ်လူငယ်များ၏ အရေးပါမှုများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းပြောကြားသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းသူများတက်ရောက်ကြပြီး ကိုယ်လက်လှုပ်ရှားအားကစားနည်းများ၊ Myanmar Fitness Dance အကများလေ့ကျင့်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။