နေပြည်တော် ဧပြီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသများတွင် အဓိကလိုအပ်နေသည့် အခြေခံအဆောက်အအုံလုပ်ငန်းများဖြစ်သည့် လမ်းနှင့်တံတားလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ၊ ရွှေ့ပြောင်းဒုက္ခသည်များ၏ စားဝတ်နေရေး ကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးအထောက်အကူပြု တည်ဆောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အလုပ်ရရှိရေးဆောင်ရွက်လျက်ရှိ
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသနေ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၄ ကျောင်း၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၈ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း ကိုးကျောင်းတို့ကို ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးပြီး သင်တန်းဆင်းသည်နှင့်တစ်ပြိုင်နက် အလုပ်အကိုင် ရရှိရေးကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
တိုင်းရင်းသူပါ လက်ခံသင်ကြား
ထို့ပြင် တစ်နှစ်တာကာလအတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ထူးခြားဆောင်ရွက်ချက်များမှာ ကချင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ပူတာအို-ခေါင်လန်ဖူးလမ်း၊ မဂွေဇမှ ခေါင်လန်ဖူးအထိ ၆၅ မိုင် ဖောက်လုပ်ခြင်း၊ ဒေသအသီးသီးတွင် ရေကန်များ တူးဖော်ပေးခြင်း၊ စိမ့်စမ်းရေသွယ်ယူခြင်း၊ စက်တူးတွင်းနှင့် လက်တူးတွင်းများ တူးဖော်ပေးခြင်း၊ ငြိမ်းချမ်းရေးအထောက်အကူပြု တည်ဆောက်ရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နယ်စပ်ဒေသရှိ ဆင်းရဲ နွမ်းပါးတိုင်းရင်းသားများအတွက် စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ ရခိုင်ပြည်နယ်ရှိ IDP များအတွက် လူသားချင်းစာနာသော အထောက်အပံ့များ ထောက်ပံ့ခြင်း၊ အိန္ဒိယနိုင်ငံ၏ကူညီထောက်ပံ့မှုဖြင့် ချင်းပြည်နယ်နှင့် နာဂဒေသများ၌ လမ်း၊ တံတား၊ စာသင်ကျောင်းနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများ တည်ဆောက်ပေးခြင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ပလောင်နှင့် ဓနုတိုင်းရင်းသား၊ တိုင်းရင်းသူများကို နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေးခရီးများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် ယခင်တိုင်းရင်းသား လူငယ်များကိုသာ လက်ခံသင်ကြားပေးခဲ့ရာမှ ယခုနှစ်တွင် တိုင်းရင်းသူ ၅၃ ဦးကို စတင်လက်ခံသင်ကြားပေးခြင်းများ ဖြစ်ပါကြောင်း။
ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး
ခွင့်ပြုရန်ပုံငွေများဖြင့် သာမက နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးခဲ့ရာ တစ်နှစ်တာကာလအတွင်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုစီမံကိန်း ငါးခု၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း သုံးခု၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ကိုးခု၊ စုစုပေါင်းစီမံကိန်း ၁၇ ဖြင့် နယ်စပ်ဒေသများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး၊ မိသားစုများဝင်ငွေ တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။