ကျောက်ဖြူ အောက်တိုဘာ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ကျောက်ဖြူ) ၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ် (၉)၊ လျှပ်စစ်နှင့်ဂဟေသင်တန်း အမှတ်စဉ် (၁၂) ၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ် (၄) နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၈)စသည့်သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ကျောက်ဖြူ)ကို ၂၀၁၅ခုနှစ်၊ ဩဂုတ်လ (၃)ရက်နေ့တွင် ကျောင်းဖွင့်ပွဲနှင့်အတူ သင်တန်းအမှတ်စဉ် (၁/၂၀၁၅)ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်း များကိုစဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယခုသင်တန်းကျောင်းအား ဒေသတွင်း စက်မှုလက်မှု လုပ်ငန်းများထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရန်၊ သင်တန်းဆင်းပြီးသွားပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေးဘက်စုံတိုးတက်ပြီး လူနေမှုအဆင့် အတန်းမြင့်မားလာစေရန်၊ ၎င်းသင်တန်းများမှ ရရှိခဲ့သောပညာရပ်များကို မိမိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် ပြန်လည်ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် သင်တန်းသားများအနေဖြင့် နိုင်ငံတော်မှ အချိန်နှင့်ငွေကြေး အကုန်အကျခံ၍ သင်ကြားပို့ချပေးသည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချ ခြင်းဖြင့် ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးကို အုပ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ပါဝင်ထမ်းဆောင် ကြရင်းအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်အောင် ကြိုးပမ်းသွားကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် သင်တန်းဆင်းအောင်လက်မှတ်များနှင့် ဘာသာရပ် အသီးသီး၌ ထူးချွန်ဆုရသင်တန်းသားများကို တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား များ၏ ဆောင်ရွက်ထားရှိမှုများကို လေ့လာ ကြည့်ရှုအားပေးကြသည်။
အဆိုပါ သင်တန်းများတွင် ဆောက်လုပ်ရေးသင်တန်းဘာသာရပ်၌ သင်တန်းသား(၃)ဦး၊ လျှပ်စစ် သင်တန်းဘာသာရပ်၌ သင်တန်းသား(၁၆)ဦး၊ ဂဟေသင်တန်းဘာသာရပ်၌ သင်တန်း သား(၈)ဦး၊ မော်တော်ယာဉ်စက်ပြင်သင်တန်းဘာသာရပ်၌ သင်တန်းသား(၁၅)ဦး၊ လက်ကိုင်ဖုန်းပြင်သင်တန်း ဘာသာရပ် ၌ သင်တန်းသား(၈)ဦး၊ စုစုပေါင်းသင်တန်းသား(၅၀) တို့မှ တက်ရောက် သင်ယူခဲ့ကြပြီး ရက်သတ္တပတ် (၂၂)ပတ်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)