မြစ်ကြီးနား ဇန်နဝါရီ ၁၀
(၇၆) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်း ရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်သစ်နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ကချင်ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော နေရာများတွင် ထောက်ပံ့ပေးအပ် နိုင်ရန် နေရောင်ခြည် စွမ်းအင်သုံး အိမ်သုံးဆိုလာ (Panels 120W Solar Home System) အစုံ ၁၅၀ ကို ပြည်နယ်အစိုးရအဖွဲ့ထံ ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကချင်ပြည်နယ်အစိုးရ အဖွဲ့အတွက် MRTV DTD (၅)စုံနှင့် DVB T2 Set Top Box အလုံး (၅၀)ကို ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးထံ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွက် MRTV DTD (၅)စုံနှင့် DVB T2 Set Top Box အလုံး ၅၀ ကို မြစ်ကြီးနား တပ်နယ်မှူးထံ လည်းကောင်း ပေးအပ်သည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်ရှေ့ မနောကွင်း၌ (၇၆)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် အပိတ် မနောအကကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ် ခေါင်းဆောင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ပညာရေးကောလိပ်၊ သူနာပြု သင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများက မနောအက ဦးဆောင်သူ နောင်ရှောင်(Nau Shawng)များ၏ ဦးဆောင်မှုဖြင့် ရိုးရာအစဉ်အလာနှင့် အညီ မနောကွင်းအတွင်း တပျော်တပါး စုပေါင်းဆင်နွှဲခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ကချင်ပြည်နယ်နေ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် ပြီးနောက် ၆ ရက်အကြာ ဇန်နဝါရီလ ၁၀ ရက်တွင် ကျင်းပခဲ့သည့် ကချင်ပြည်နယ်ကောင်စီ ညီလာခံကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ စဝ်ရွှေသိုက်ကိုယ်တိုင် တက်ရောက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ၎င်းဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇၆)နှစ်မြောက် အထိ ရောက်ရှိခဲ့ပြီဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်း နိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ဂုဏ်ထူးဆောင် လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းနိုင်ရေး လုပ်ငန်း ကော်မတီများ ဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စိစစ်ရွေးချယ် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ခိုင်တို့က စီးပွားရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) ဆုရပုဂ္ဂိုလ်များကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လူမှုရေးဆိုင်ရာ ထူးချွန်ဆု(ပထမအဆင့်)ဆုရ ပုဂ္ဂိုလ်ကို လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များက ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံခရစ်ယာန် အသင်းတော်များမှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်း ဘာသာပေါင်းစုံ ကွဲပြားကြသော်လည်း မိမိတို့၏ ယုံကြည်ကိုးကွယ်သည့် ဘာသာတရား အဆုံးအမအတိုင်း ရင်းနှီးချစ်ကြည်စွာ ပေါင်းစည်းနေထိုင်ကြသည်ကို တွေ့ရှိရသည့်အတွက် ကြည်နူးဝမ်းသာရပါကြောင်း၊ ယုံကြည်ကိုးကွယ်မှုအရ ဘာသာတရား ကွဲပြားကြသော်လည်း ဘာသာတရားအားလုံး၏ အဓိကသွန်သင် ဆုံးမမှုအနှစ်သာရမှာ “ကိုယ်နှုတ် စိတ်ဝမ်းငြိမ်းချမ်းခြင်း”ဖြစ်သဖြင့် ယနေ့ကြွရောက်လာကြသည့် အသင်းတော် အသီးသီးမှ ဆရာတော်များ၊ ခေါင်းဆောင်များအနေဖြင့် မိမိတို့ဘာသာဝင်များကို သက်ဆိုင်ရာ ဘာသာတရား၏ သွန်သင် ဆုံးမမှုများနှင့်အညီ လမ်းညွှန်ပြသကြမည်ဟု အခိုင်အမာ ယုံကြည်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသီးသီးကလည်း ဆုတောင်းမေတ္တာ ပို့သလျက် စွမ်းဆောင်နိုင်သည့် ကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ဂိုဏ်းပေါင်းစုံခရစ်ယာန် အသင်းတော်အသီးသီး ကိုယ်စား ကက်သလစ် အသင်းတော် ဖာသာဒေါက်တာဂေါ်လူယုံဝါက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားပြီး အသင်းတော်အသီးသီးမှ ခေါင်းဆောင်များနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဂိုဏ်းပေါင်းစုံခရစ်ယာန် အသင်းတော်ခြောက်ခုမှ ဆရာတော်များနှင့် ဘာသာရေးခေါင်းဆောင်များထံ အမှတ်တရ လက်ဆောင် သစ်သီးခြင်းနှင့် အလှူငွေကျပ် ၁၀ သိန်းစီကို ပေးအပ်လှူဒါန်းသည်။
ညနေပိုင်းတွင် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံး ရှေ့မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ဂုဏ်ပြုညစာစားပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျရောက်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့မှသည် မိမိတို့၏ စည်းလုံးညီညွတ်မှုကို ပြသပြီး နိုင်ငံတော်နှင့် ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွနွေးထွေး ပျော်ရွှင်စွာ သုံးဆောင်ကြပြီး တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုခဲ့ကြကာ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။