နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာလ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ နယ်စပ်ဒေသ ကျေးလက်နေ တိုင်းရင်းသား ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နံနက်(၀၉:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟိုလေ့ကျင့်ရေး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အချိန်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်နေခြင်းဖြစ်လို့ နိုင်ငံတော် ကြီးအား ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာနအသီးသီးက လုပ်ငန်းကဏ္ဍများ အလိုက် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ နိုင်ငံ တော်နှင့် ပြည်သူတို့၏ လူမှုအကျိုးစီးပွားမြင့်မားလာစေရေးအတွက် ဖြည့်ဆည်းပေးရမည့် ဦးစားပေးလုပ်ငန်းလိုအပ်ချက်များ၏  အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နယ်စပ်ဒေသ ကျေးလက်နေ တိုင်းရင်းသူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ခေတ်မီမော်တာ အထည် ချုပ်စက်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုဆိုလျှင် (၁၄) ကြိမ် ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသနှင့် ကျေးလက်ဒေသရှိ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိတဲ့ တိုင်းရင်းသူအမျိုးသမီး ငယ်များကို အိမ်တွင်းမှုသက်မွေးပညာရပ်များတတ်မြောက်ပြီး အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၁) ကျောင်းဖွင့်လှစ်ပြီး ပညာရပ်များအလိုက် လေ့ကျင့်သင်ကြားလျက်ရှိပါကြောင်း၊ အဆိုပါ သင်တန်းများမှ သင်တန်းဆင်းပြီးသင်တန်းသူ(၆၈၁၁၁)ဦးအနက်(၁၆၄၈)ဦးကိုခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း သင်ကြားပေးခဲ့ပြီး အထည်ချုပ်စက်ရုံ(၁၉)ရုံ၌ တာ၀န်ထမ်းဆောင် နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးက မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အထည်ချုပ်လုပ်ငန်းများမှ တာ၀န်ရှိသူများ အနေဖြင့်လည်း ရိုးသားဖြောင့်မတ်တဲ့ နယ်စပ်ဒေသ ကျေးလက်ဒေသနေ သင်တန်းဆင်း တိုင်းရင်းသူအမျိုးသမီးငယ်များကို အလုပ်ခန့်အပ်ပေး သကဲ့သို့ နောင်ဆက်လက်သင်တန်းဆင်းမည့် သင်တန်းသူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ပေးကြပါရန် မှာကြားလိုပါကြောင်း၊ သင်တန်းဆင်း တိုင်းရင်းသူလေးများကလည်း နိုင်ငံတော်၏ ကျေးဇူးတရားများကို သိရှိနားလည်ပြီး၊ ပညာသင်ပေး၊ အလုပ်ရရှိအောင်ဆောင်ရွက်ပေးတဲ့ နယ်စပ်ရေးရာ၀န်ကြီးဌာနနှင့် တာ၀န် ရှိသူများ အားလုံးရဲ့ ကြီးမားတဲ့ စေတနာ၊ မေတ္တာ၊ ရည်ရွယ်ချက်များကို တန်ဖိုးထားပြီး မိမိဘ၀အတွက် တာဝန်သိတဲ့စိတ်၊ တာဝန်ယူတဲ့စိတ်၊ တာဝန်ခံရဲတဲ့စိတ်တို့နဲ့ လုပ်ကိုင်ဆောင်ရွက်ရင်း နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားသွားကြပါဟု မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးက  ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနသို့ သင်တန်းဆင်းတိုင်းရင်းသူများ လွှဲပြောင်းအပ်နှံပေးခဲ့ပါသည်။ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့်အထည်ချုပ်စက်ရုံများမှ  သင်တန်းသူ တိုင်းရင်းသူများ အား အလုပ်သမား အသိအမှတ်ပြုကဒ်ပြားများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ပါသည်။ထို့နောက် သင်တန်းဆင်း တိုင်းရင်းသူတစ်ဦးနှင့် အထည်ချုပ်စက်ရုံ များကိုယ်စား တာ၀န်ရှိသူတစ်ဦးတို့မှ ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါသည်။
ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး သင်တန်းသူများ၏ ခေတ်မီမော်တာဖြင့် ချုပ်လုပ်နေမှုနှင့် ကျောင်း၀င်းအတွင်းရှိ စာသင်ဆောင်များ အိပ်ဆောင်များ၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာ၀န်ကြီးဌာနမှ ဖွင့်လှစ်ပေးခဲ့သည့် အဆင့်မြင့်ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းအမှတ်စဉ်(၁၄)မှ သင်တန်း ဆင်းတိုင်းရင်းသူ (၁၀၀)ဦးအား (၂၂.၈.၂၀၁၆)ရက်နေ့မှ (၉.၉.၂၀၁၆) ရက်နေ့ထိ သင်တန်းကာလ(၃)ပတ် သင်ကြားပို့ချပေးခဲ့ပြီး ယခု သင်တန်းဆင်းပြီး တိုင်းရင်းသူများ   အား အထည်ချုပ်စက်ရုံများ၏ လိုအပ်ချက်အရ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ်စက် လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံ(၇)ရုံသို့ စနစ်တကျ ခွဲဝေ၍ လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။    

 

Post Paragraph