နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သင်တန်းဆင်းပွဲ တက်ရောက်အမှာစကား ပြောကြား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၆၅) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၉၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာလ ၂၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည့် စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၆၅) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၉၅) သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်လာကြတဲ့ ဝန်ထမ်းများအနေဖြင့် အရည်အသွေးထက်မြက်ပြီး အတွေးအခေါ်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့် နှင့်အညီ နိုင်ငံ့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်၊ မိမိဝန်ကြီးဌာန၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်အစိုးရက ဝန်ထမ်းများရဲ့အကျိုးအတွက် မေတ္တာစေတနာများဖြင့် ဖြစ်သင့် ဖြစ်ထိုက်သော ခံစားခွင့်များအား ဆောင်ရွက်ပေးနေသကဲ့သို့ ဝန်ထမ်းများမှလည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို စေတနာထား ဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အထူးမှာကြားလိုတာကတော့ ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် လုပ်ငန်းတာဝန်များကို ခိုင်ခိုင်မြဲမြဲ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်းဖြင့် မှာကြားခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စည်းကမ်းလိုက်နာမှု၊ တာဝန် သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့်အတူ အများနှင့် လိုက်လျောညီထွေ နေထိုင်လုပ်ကိုင်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ အမှန်တကယ် လိုအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တင်ပြလာပါက ဆင့်ကဲဆင့်ကဲ တင်ပြသွားကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်၍ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းလုပ်ဆောင်ရုံဖြင့် မရဘဲ၊ မိမိနိုင်ငံတစ်ဝှမ်းလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရမည်ဟု ခံယူ၍ တာဝန်သိသောစိတ်ဓာတ်ဖြင့် အစွမ်းကုန် လုပ်ဆောင်သွားကြရန်နှင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် မိမိဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင် သွားကြရန် ထပ်ဆင့်မှာကြားခဲ့ပြီး သင်တန်းဆင်း အောင်လက်မှတ်များနှင့် သင်တန်းထူးချွန်ဆု များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) သို့ သွားရောက်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် စတင် တည်ဆောက်လျက်ရှိသော (၃) ထပ်ကျောင်းသားအိပ်ဆောင်၊ (၈) ခန်းတွဲနှစ်ထပ် ဆရာများဆောင်၊ (၈) ခန်းတွဲ နှစ်ထပ်ဆရာမများဆောင်၊ (၈) ခန်းတွဲနှစ်ထပ် အခြေခံဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းများနှင့် ယာဉ်၊ ယန္တရားများ စုဖွဲ့ထားရှိမှုအခြေအနေ များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။