နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊  ဧပြီလ ၂၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်လျာထား သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အား ယနေ့နံနက် (၁၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေး ကျင်းပပြုလုပ် ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်စပ်ဖွံ့ဖြိုးရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်ပေးမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသည် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ တင်ပြထားသော လုပ်ငန်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ မိမိတို့ဒေသအတွက် အမှန်တကယ်အကျိုးရှိ/မရှိ၊ ရေရှည်အကျိုးရှိနိုင်သော လုပ်ငန်းများ ဖြစ်နိုင်/မဖြစ်နိုင်၊ နောက်ဆုံးအခြေအနေနှင့် စိစစ်ညှိနှိုင်းဆွေးနွေးကြရန်၊ ပြည်ထောင်စုမှ ဆောင်ရွက်ပေး သောလုပ်ငန်းများသည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ထပ်နေခြင်းရှိ/မရှိတို့အား တိုက်ဆိုင်စိစစ် ဆောင်ရွက်ကြရန် မှာကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို မူဝါဒ (၄) ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ လုပ်ငန်းစဉ် (၁၈) ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် (၂၄) ဦးဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သော နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို အဖွဲ့ဝင် (၃၃) ဦးဖြင့် လည်းကောင်း ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်၍ နယ်စပ်ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်၊ အောင်မြင်မှုများ၊ အခက်အခဲ များနှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်နားလည်မှု၊ ဖြည့်ဆည်းဆောင်ရွက်ပေးမှုတို့ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လုပ်ငန်းအားလုံး အရည်အသွေး ကောင်းမွန်စွာ၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့လုပ်ငန်းအပေါ် စေတနာထား၍ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံသည့် စိတ်ဓာတ်များဖြင့် လုပ်ဆောင်ပေးကြရန် မှာကြားခဲ့သည်။
    ဆက်လက်၍ ဦးစီးဌာနမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက မိမိတို့ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။