နေပြည်တော် မေလ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နယ်မြေခံ စစ်ဗျူဟာမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် (၁၈-၅-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင်မှူးက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်များမှ သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များအား သီးခြားစီ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်မျာအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံမှာကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားလူငယ်များအား ပြည်ထောင်စု စိတ်ဓါတ်ရင့်သန်ခိုင်မာလာအောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအနေဖြင့် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွဖြင့် လုပ်ငန်း တာဝန်များကို ထမ်းဆောင်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန် ကျေပွန်ရုံအပြင် အကောင်းဆုံး ထမ်းဆောင်မည်ဆိုသည့် စိတ်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း များရှိသလောက် တွေးတောကြံဆဆောင်ရွက်နိုင်ပါက ယခင်ကထက် ပိုမိုတိုးတက်အောင်မြင် လာမှာဖြစ်ပါကြောင်း၊ သင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမအနေဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်၊ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများကိုလည်း နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရာနှုန်းပြည့် အထောက်အပံ့ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ထမ်းဆောင်နိုင်မည့် လူငယ်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်သင်တန်းကျောင်း (ပူတာအို) ရှိ ကျောင်းသား/ကျောင်းသူလေးများအား တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းဝန်း အတွင်းရှိ စားရိပ်သာများ၊ သင်တန်းသား/သင်တန်းသူ အိပ်ဆောင်များ၊ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့မှတဆင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပူတာအို) သို့ သွားရောက်ကာ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၃၄) နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၂၈) မှ သင်တန်းသူများ စက်ချုပ်သင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ သင်တန်းသူများနေ့လည်စာ သုံးဆောင်နေမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ပူတာအိုမြို့နယ်၊ နမ့်ပလပ်ချောင်းကူး ဘေလီတံတားအရှည် (၃၂၀ x ၁၂) ပေ တည်ဆောက်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာမှ တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားကာ ဒေသခံပြည်သူများကိုလည်း တံတားရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားခဲ့ပါသည်။
ကချင်ပြည်နယ်သို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အဖွဲ့သည် (၁၉-၅-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး တည်ဆောက်မည့် မြေနေရာနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ခံ အင်ဂျင်နီယာများအား သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေ့လည်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိကြပြီး လေဆိပ်ခန်းမဆောင်၌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ထို့နောက် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်၊ နွမ်လော်ချောင်းကူး ကြိုးတံတားအရှည် (၁၇၀ x ၉ x ၁၆) ပေ တည်ဆောက်ပြီးစီးမှုနှင့် ရွှေမိုးတောင် တောင်ပတ်လမ်း (၁/၂) မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး ရေရှည်တည်တံ့ခိုင်ခန့်စေရေးအတွက် ကြံ့ခိုင်မှုများအား စစ်ဆေး၍ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းသွားကြရန် မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၂၀-၅-၂၀၁၆) ရက်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားရှိ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့သွားရောက်ခဲ့ရာ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအုန်းမြင့်က ကချင်ပြည်နယ်အတွင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အမှတ်(၂) နှင့် အမှတ် (၁) သို့ သွားရောက်၍ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား/ ကျောင်းသူလေးများအား တွေ့ဆုံခဲ့ပြီး နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေးနှင့် မိမိလုပ်ငန်းများပေါ် တန်ဖိုးထား ဂုဏ်ယူလေးစားစိတ်များ ထားရှိကြရန်၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံတဲ့ စိတ်ဓါတ်တို့ဖြင့် လုပ်ငန်းတာဝန်များကို အဂတိတရား(၄)ပါး ကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်၊ စေတနာ၊ ဝိရိယများထားရှိ၍ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းကျွမ်းကျင်မှုများရှိရန် လိုအပ်ပါကြောင်း၊ ဒါကြောင့် လေ့လာမှတ်သားကြိုးစားအားထုတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ကျောင်းဝန်းများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။