နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သောအဖွဲ့ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ မေ ၁
          နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့သို့ ရောက်ရှိကာ နယ်စပ်ရေးရာဝန်ကြီးဌာန၏၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၄၅၇.၃၀) သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်များအတွင်း ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း (၄၈၄.၀၀) သန်း၊ စုစုပေါင်း (၉၄၁.၃၀) သန်းဖြင့် ဆောင်ရွက်ခဲ့သော ကျိုက်ထိုမြို့၊ မြို့ပေါ် (၆) ရပ်ကွက် ရေပေးရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
          ယင်းအခမ်းအနားသို့မွန်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ နယ်မြေခံတပ်မမှူး ဗိုလ်မှူးချုပ်သန့်ဇင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျိုက်ထိုမြို့ပေါ်(၆) ရပ်ကွက်မှ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
          အခမ်းအနားအစီအစဉ်အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဌေးမှ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့သော ကျိုက်ထိုမြို့ပေါ် (၆) ရပ်ကွက် ရေးပေးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဒေသခံရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်း၊ မွန်ပြည်နယ် ဒေသဖွံ့ဖြိုမှုကြီးကြပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့် ရပ်မိရပ်ဖဦးနေထက်သိန်းနိုင်တို့က ရေပေးဝေရေးလုပ်ငန်းစက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
          ၎င်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ရေစတင်ပေးဝေရန် စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရေစုပ်စက်ခန်း၊ ရေလှောင်ကန် များ၊ ရေတင်စက်များနှင့် လျှပ်စစ်သွယ်တန်းထားခြင်း လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တက်ရောက်လာသော ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
          ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထိုမြို့ ဆိပ္ဖူးတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်ကာယင်းကျောင်းတွင် ပညာ သင်ကြားနေသော နယ်စပ်ဒေသမှ တိုင်းရင်းသားကလေးငယ်များအတွက် ရိက္ခာဆန်၊ ဆီ၊ ဆား၊ ပဲများထောက်ပံ့ ပေးအပ်ခဲ့သည်။
          နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ဧပြီလ ၂၉ ရက်နေ့နံနက်ပိုင်းတွင် သထုံမြို့ရှိနယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးအိပ်ဆောင်များ၊ စားရိပ်သာနှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
          ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံမြို့၊ သုဓမ္မဝတီမြို့ ကွက်သစ်၊ ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားအစီအစဉ်အရနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သထုံခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးက သုဓမ္မဝတီမြို့ကွက်သစ် ရေပေးဝေရေးလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ယင်းနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့် ရပ်မိရပ်ဖဦးဝင်းသန်းတို့က ရေပေးဝေရေးလုပ်ငန်း စက်ရုံအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
          ၎င်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ရေစတင်ပေးဝေရန် စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး သုဓမ္မဝတီမြို့သစ်ရှိရပ်ကွက်များ အတွင်း ရေစုကန်များ၌ မြို့သူ/မြို့သားများ ရေရရှိသုံးစွဲနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
          ပြည်ထောင်စုဝန်ကြီးသည် ထိုနေ့ညနေပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ ထီလုံစံပြ ကျေးရွာတွင် တန်ဘိုးနည်းအိမ်ရာ (၅၀) လုံးတည်ဆောက်ပေးမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များစက်မှုလက်မှု ပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းအုပ်၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများအား တွေ့ဆုံမှာကြားခဲ့ပြီး သင်တန်းသားများ၏ ဘာသာရပ်အလိုက် လက်တွေ့ သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့ရှိ သီရိဟေမာသီလရှင် စာသင်တိုက်သို့ သွားရောက်ကာယင်းစာသင်တိုက်တွင် နယ်စပ်ဒေသများမှ လာရောက် ပညာသင်ယူနေကြသော သီလရှင်များအတွက် ဆွမ်းဆန်နှင့် ဆီ၊ ဆား၊ ပဲများ ထောက်ပံ့လှူဒါန်း ခဲ့ပါသည်။