
မတ်လ ၁၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာ၌ နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း နိုင်ငံသားတိုင်း လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေပညာရပ်များကို သိရှိနားလည်မှသာ လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းများကို အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်သည့်အတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းများကို ရုံးဌာနများနှင့် ကျောင်းများတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း လေ့လာသင်ကြားခဲ့ရသည့် ဥပဒေပညာရပ်များကို မိမိတို့လုပ်ငန်းနယ်ပယ်အတွင်း၌ အကျိုးရှိစွာ အသုံးချ ကျင့်သုံးဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပြဋ္ဌားန် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး/ လုပ်နည်းများကို လေးစားလိုက်နာပြီး ဥပဒေ နှင့် ငြိစွန်းနိုင်သည့် ကိစ္စရပ်များကို ရှောင်ရှား၍ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ယုံကြည်ချက် ခိုင်မာစွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥပဒေရေးရာ ဟောပြောပွဲ၌ သင်တန်းဆင်း ဝန်ထမ်းများက “ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ/ နည်းဥပဒေ” နှင့် “ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ရေး အက်ဥပဒေ” တို့ကိုလည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက “အွန်လိုင်းအသုံးပြုလိမ်လည်မှု( Cyber Scam)နှင့် လောင်းကစားမှု (Online Gambling) များ တားဆီးကာကွယ်နှိမ်နှင်းရေးဆိုင်ရာအသိပညာ” တို့ကိုလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့မှုများအား ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းဆင်း ဝန်ထမ်းများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၂) သင်တန်းအား မတ်လ ၃ ရက်နေ့တွင် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတို့ဖြင့် ရက်သတ္တပတ် ၁ ပတ်ကြာ စတင် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်း၌ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်း လက်စွဲ၊ ခရီးစရိတ် လက်စွဲ ဥပဒေ/ နည်းဥပဒေ၊ ပြည်သူပိုင်ပစ္စည်းများအား ကာကွယ်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ဝန်ထမ်းကျင့်ဝတ်သိကောင်းစရာများ အစရှိသည့် ဘာသာရပ်များကို ဥပဒေရေးရာဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများသို့ တက်ရောက်ပြီးသည့် အရာထမ်း၊ အမှုထမ်းများ ပေါင်းစပ်စုဖွဲ့၍ စနစ်တကျလေ့ကျင့်သင်ကြား ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။