ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် (၃-၄)
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ (၃) ရက် နေ့လည်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု ခဲ့သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း နယ်စပ်ရေးရာ၀န်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် အင်္ဂဘို-ကဒိုင်ဒွတ်-မိုးဘောလမ်း (၁၀/၀)  မိုင်အနက်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီးသော ကျောက်လမ်း(၂/၀)မိုင်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆) လပတ်တွင် ဆက်လက်ဖောက်လုပ်လျက်ရှိသည့် ကျောက်ချောလမ်း (၁/၄) မိုင်   ဖောက်လုပ်နေမှုကို  ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လမ်းဖောက်လုပ်ပြီးစီးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသဖွံ့ဖြိုးရေးလမ်းများကို နိုင်ငံတော်ကခွင့်ပြု ထားသည့် ရန်ပုံငွေနှင့်အညီ သတ်မှတ်စံချိန်စံညွှန်းများ ကိုက်ညီစေရေး၊ အချိန်မီပြီးစီးစေရေးနှင့် လမ်းများရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပြည်နယ်အစိုးရ၊ ဒေသခံအဖွဲ့အစည်းများနှင့် ပြည်သူလူထု တို့မှ  ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် နယ်စပ်ရေးရာ၀န်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော ကျိုက်ထိုမြို့ပေါ် (၆) ရပ်ကွက်သို့ မြစ်ရေတင် စီမံကိန်းဖြင့် သောက်သုံးရေဖြန့်ဝေပေးရေး လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး ဂါလံ (၅) သိန်းဆံ့ ရေလှောင် ကန်မှ အဆင့်ဆင့်ရေပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသောသောက်သုံး ရေများ စဉ်ဆက်မပြတ် ရရှိစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ရေလှောင်ကန်နှင့်လုပ်ငန်းခွင် လုံခြုံရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို မြို့နယ်တာ၀န်ရှိ အဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များနှင့် ပြည်သူလူထုများက ဝိုင်း၀န်းထိန်းသိမ်းပေးသွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဆက်လက်ထွက်ခွာလာခဲ့ရာ ကျိုက်ထိုမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ၀န်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
    ညနေပိုင်းတွင် ပြည်ထောင်စု၀န်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သော သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ် တန်ဖိုးနည်းအိမ်ရာ (၅၀)လုံးကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါအိမ်ရာများ၌နေထိုင်ကြသည့် မိသားစုဝင်များအား တွေ့ဆုံ၍ လိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဇူလိုင်လ (၄) ရက်နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ) သို့ ရောက်ရှိခဲ့ပြီး ဘားအံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းတို့မှ ကျောင်းအုပ်များ၊ သင်တန်းသူ/သင်တန်းသားများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်သူများအား လေ့ကျင့်သင်ကြားပေးနေသော ရိုးရာဂျပ်ခုပ်သင်တန်း၊ အခြေခံအိမ်တွင်းမှုသင်တန်းနှင့် ခေတ်မီမော်တာစက်ချုပ်သင်တန်းများကို လှည့်လည်ကြည့်ရှု၍ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသသို့ ရောက်ရှိခဲ့ပြီး နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီး ပြည်ထောင်စု၀န်ကြီးမှ မြိုင်ကြီးငူဒေသရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအတွက် စာသင်ဆောင်ဆောက်လုပ်ရန် ထောက်ပံ့ကြေးနှင့် ကျောင်း၀တ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုနောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာ၀န်ကြီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်သော မြိုင်ကြီးငူ-မဲသဝေါလမ်း (၃၁/၀) မိုင် ကတ္တရာလမ်းပြုပြင်ထိန်းသိမ်းခြင်း ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော  မြတ်လေးမြိုင်လမ်း၀မှ စိန်ပန်းမြိုင် ရေလှောင်တမံအကြား ကျောက်ခင်းခြင်းလုပ်ငန်း  (၁/၂)မိုင် နှင့်  ၂၀၁၈ ခုနှစ် ပထမ(၆)လပတ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် ပြီးစီးခဲ့သည့် (၁၅)ပေနှင့် (၂၀)ပေအရှည် တံတား(၂)စင်းတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့သည်။
    ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း (မြိုင်ကြီးငူ)သို့ ရောက်ရှိခဲ့ပြီး သင်တန်းသူများနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ပြီး ကျောင်း၀င်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များညှိနှိုင်းပေါင်းစပ်  ဖြည့်ဆည်းပေး ခဲ့ကြောင်းသတင်းရရှိသည်။

 

Post Paragraph