နေပြည်တော်၊ သြဂုတ်လ ၁၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၌ အသစ် တည်ဆောက်ပြီးစီးခဲ့သည့် ဘွဲ့နှင်းသဘင် ခန်းမဆောင်သစ် နှင့် သင်တန်းသူ (၂) ထပ်အိပ်ဆောင် သစ် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ၌ သီးခြားစီကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ကျောင်းအုပ်ကြီးတို့မှ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ ဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရေများ ပက်ဖြန်းပေးခဲ့သည်။ ထို့နောက်တာဝန်ယူဆောက်လုပ်ခဲ့သည့် New Star Light Co.Ltd က ဘွဲ့နှင်းသဘင်ခန်းမ နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ် ဘွဲ့နှင်းသဘင်ပုံစံငယ်များအား New Star Light Co.Ltd ဥက္ကဌမှ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတို့အား ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘွဲ့နှင်းသဘင်ခန်းမဆောင်သစ်အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ ဦးဆောင်သောအဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) သို့ သွားရောက်၍ အသစ်တည်ဆောက်ပြီးစီးခဲ့သည့် သင်တန်းသူ (၂) ထပ်အိပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး ကမ္ပည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရေများပက်ဖြန်းပေးခဲ့သည်။ ဆက်လက်၍ တာဝန်ယူဆောက်လုပ်ခဲ့သည့် တုန်တာကုမ္ပဏီမှ အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်း များအား ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူ (၂) ထပ်အိပ်ဆောင်သစ်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေလည်ပိုင်းတွင် ဒီဂရီကောလိပ်နှင့် ဖွံ့ဖြိုးရေးတက္ကသိုလ် မှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက် ပေးခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေအား ပိုမိုတိုးတက် ကောင်းမွန်စေရန်အတွက် အထူးအလေးထားဆောင်ရွက်ပေးလျက် ရှိနေသကဲ့သို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့်လည်း ဝေးလံခေါင်ပါးသည့် နယ်စပ်ဒေသအသီးသီးမှာရှိသည့် တိုင်းရင်းသား လူငယ်များလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာရပ်များအား ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့၌ လေ့ကျင့်သင်ကြားပေး လျက်ရှိပြီး အောင်မြင်တတ်မြောက်သူများအား လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဘာသာစကား ကွဲပြားမှု၊ ရာသီဥတုအခြေအနေ ဆိုးဝါးမှု နှင့် ဝေးလံခေါင်ပါး၍ ပြည်မမှ သွားရောက်ရန်ခက်ခဲသည့် နယ်စပ်ဒေသအသီးသီးသို့ တိုင်းရင်းသားလူငယ်များ၏ ပညာရည်တိုးတက်မြင့်မားလာစေရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၌ ခန့်အပ်တာဝန်ပေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။