စစ်တွေမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်တွေ  နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉:၃၀ နာရီ အချိန်က နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း‌‌ကျောင်း (စစ်တွေ) ကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
ဦးစွာ ရခိုင်ပြည်နယ်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးက လူငယ် ရေးရာအသိပညာ‌ပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး စစ်တွေခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက  "လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီး ဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်သူက "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်ရေးရာစာအုပ်/စာစောင်များအား စိတ်ဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)