ငါးရက်တစ်ဈေး
ငါးရက်တစ်ဈေးသည် ဒေသ၏ ထင်ရှားသော ဓလေ့ပုံရိပ်တစ်ခုဖြစ်၏။ ကလောဈေးနေ့တွင် ပတ်ဝန်းကျင်ရှိ တောင်လား၊ တောင်ကွဲ၊ ဝက်ဖြူရေ၊ ရွှေမင်းဖုန်း၊ ကမ်းပါးနီ၊ ရေချို၊ လွယ်အံ့၊ ဟင်းခါးကုန်း၊ ခွေးရုပ် စသည့်ကျေးရွာပေါင်း ၅၅ ရွာမှ ဒေသခံတိုင်းရင်းသားများက ၎င်းတို့၏ဒေသ ထွက်အသီးအနှံ၊ အစားအစာများ၊ ပန်းမန်များ လာရောက်ရောင်းချကြသည်။ ဒေသခံများကလည်း စားသောက်ဆိုင်များ၊ ကုန်မာဆိုင်များ၊ ကုန်စို၊ ကုန်ခြောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ ဒေသ ထွက် အမှတ်တရပစ္စည်း အရောင်းဆိုင်များဖြင့် စုံလင်စွာရောင်းချကြ၏။ အသီးအနှံ ရောင်းချရရှိ သောငွေများဖြင့် မိမိတို့ လိုအပ်သောကုန်ပစ္စည်းများကို ဝယ်ယူကြ၏။ လာရောက်ရောင်းချသူ အချင်း ချင်းလည်း ကုန်ပစ္စည်းဖလှယ်တတ်ကြပြန်သေးသည်။ ထို့ကြောင့် ဈေးနေ့ဆိုလျှင် ပုံမှန်ရက်များ ထက်ပို၍ စည်ကားလှ၏။ ဈေးနေ့တွင် ဒေသခံတိုင်းရင်းသားများ၏ စကားသံများ၊ ဝတ်စား ဆင်ယင်မှု၊ ဓလေ့စရိုက်များနှင့် ဒေသအစားအစာများကို စုံလင်စွာ ကြားရမြင်ရနိုင်ပါသည်။
ပလောင်တောင်ရွာများ
ဟင်းခါးကုန်း အပါအဝင် တောင်ပေါ်ရွာလေးများကို ဒေသခံများက “ပလောင်တောင်” ဟု ခေါ်ကြသည်။ ဟင်းခါးကုန်းကျေးရွာသည် တောင်ထိပ်ပေါ်တွင် တည်ရှိနေသည်။ ဟင်းခါးကုန်း မှ ဆက်သွားလျှင် ဆင်တောင် သို့ရောက်၏။ ဆင်တောင်ရွာကား အိမ်ခြေ လေးရာကျော်သောရွာကြီး ဖြစ်၏။ ပအိုဝ်း၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားများနှင့် ဂေါ်ရခါးလူမျိုးတွေ နေထိုင်ကြသည်။ ဗမာတိုင်း ရင်းသား အနည်းငယ်သာရှိပါသည်။ ပြီးတော့ ဟင်းခါးကုန်းရွာသည် လမ်းဆုံဟုလည်းဆိုရပေမည်။ ထိုရွာမှ ဆင်တောင်၊ ခွေးရုပ် သို့လည်းသွားနိုင်၏။ မြင်းစိုင်းကုန်း၊ မြင်းတိုက်ကျေးရွာများသို့လည်း ဆင်းနိုင်ပါသည်။
ဆင်တောင်နှင့် ခွေးရုပ်ဘူတာ၊ ရထားလမ်းဘေးက ကမ်းပါးနီ၊ ဟင်းခါးကုန်းကျေးရွာများသည် ရှမ်းပြည်နယ်၊ ကလောမြို့နယ်အပိုင်တော့ မဟုတ်။ မန္တလေးတိုင်း၊ သာစည်မြို့နယ် အပိုင်။ မြင်းတိုက်ရွာက သာစည်မြို့နယ်တွင် ပါဝင်သော်လည်း မြင်းတိုက်ဘူတာက ကလောမြို့နယ်မှာပါဝင် ပါသည်။။
ဆင်တောင်နှင့် ခွေးရုပ်ကျေးရွာများသည် ဂျင်း၊ ဆနွင်းကို အဓိကထား စိုက်ပျိုးကြ၏။ ထွက်ကုန်များအား ကလောမြို့သို့ တင်ပို့ရောင်းချကြသည်။ ထို ခွေးရုပ်၊ ဆင်တောင် ကျေးရွာများ
သည် သာစည်- ရွှေညောင် မီးရထားလမ်းပေါ်တွင် တည်ရှိ၏။ ယခင်အချိန်များက အစုန်- အဆန် ရထားများ နေ့စဉ်ပုံမှန်ပြေးဆွဲခဲ့၍ သွားလာရေး အဆင်ပြေခဲ့၏။ သို့သော် ယခုကာလတွင် သီတင်း တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ မီးရထား ပြေးဆွဲတော့သဖြင့် ဒေသခံများအတွက် သွားရေး လာရေး များစွာ အခက်အခဲဖြစ်နေရလေသည်။ ထို့ကြောင့် ဟင်းခါးကုန်း- ဆင်တောင်- ခွေးရုပ်- မြင်းတိုက်မှ ဒေသခံများသည် ကလောမြို့သို့သွားရန် တစ်ကြောင်းတည်းသာရှိသည့် မြေလမ်းကို အဓိက အားကိုး အားထားပြုနေကြရသည်။ ဒေသခံများအတွက် မရှိမဖြစ်လမ်းဟုသာ ဆိုရပါမည်။
ဒေသခံတစ်ဦးက “ အရင်ရထား ပုံမှန်ပြေးဆွဲချိန်ကတော့ ကလော၊ အောင်ပန်းကို ရထားနဲ့ ပို့တယ်။ အခုတော့ ကားနဲ့ပို့ရတယ်။ ရထားခရီးစဉ်ရှိရင်တော့ ကုန်ရော၊ လူပါ သွားရတဲ့စရိတ် အများ ကြီး သက်သာသွားမှာ” ဟုဆိုပါသည်။
ပထဝီအနေအထားအရ ခွေးရုပ်၊ ဆင်တောင်၊ ကမ်းပါးနီ၊ ဟင်းခါးကုန်းရွာများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စ အဝဝအား ကလောနှင့် အောင်ပန်းမြို့များကို အမှီပြုရပါသည်။ ကလော နှင့် မြင်းတိုက်ဘူတာသွားလမ်းမှာ ကတ္တရာလမ်းဖြစ်၏။ ဟင်းခါးကုန်း- မြင်းတိုက်လမ်းကိုမူ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ဟင်းခါးကုန်း- ဆင်တောင်- ခွေးရုပ် ဆက်သွယ်ထားသည့် မြေလမ်းအခြေအနေကား အတော်ဆိုးဝါးခဲ့ပေသည်။ မိုးတွင်း ကာလများဆိုလျှင် ဆိုင်ကယ်ဘီးကို ချိန်းကြိုးပတ်၍ မောင်းရသည်။
အများစုက ကလောဟုဆိုလျှင် ဖွံ့ဖြိုးပြီးမြို့ပြဒေသတစ်ခု၊ ပြည့်စုံပြီးသော ဒေသတစ်ခုဟု သတ်မှတ်ကြ၏။ မှန်ပါသည်။ သို့သော် လမ်းမကြီးများ၊ မြို့ပြများနှင့် အလှမ်းဝေးပြီး အတွင်းပိုင်း ကျသောဒေသများတွင်မူ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် များစွာလိုအပ်နေဆဲပင်။
အတိတ်
လွန်ခဲ့သော အနှစ်လေးဆယ်ကျော်-
နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် First Posting ဦးစွာတာဝန်ကျခဲ့သောဌာနမှာ ကလောနယ်မြေ၊ ဟဲဟိုးလွင်ပြင်ဒေသ၊ သီခေါင်တောင်တန်းများ၏အခြေ၊ အင်းခေါင်းဆည်အနီး ပေါ့ပဲရွာလေးအနီး၌ ရှိ၏။ တာဝန်ကျရာဒေသသို့ ရန်ကုန်- သာစည်- ရွှေညောင် မီးရထားဖြင့် သွားခဲ့ရသည်။ ထိုရထားကို ရှမ်းရထား၊ ပန်းရထားဟုလည်း ခေါ်ကြသေး၏။ နောက်ပိုင်းတွင် ပန်းရထားကြီးအား အကြိမ်ကြိမ် စီးခဲ့ရပါသည်။
မြေပြန့်သားတစ်ဦးအဖို့ တောင်တန်းဒေသများ၏ အလှအပများကို စတင်ထိတွေ့ ခွင့်ရခြင်း ပင်။ ရထားပြူတင်းပေါက်မှ မြင်တွေ့ရသည့် မြေပြန့်ဒေသနှင့်ကွဲပြားနေသည့် ပတ်ဝန်းကျင်အလှ တရားများကို မှင်သက်အံသြစွာ ငေးမောခဲ့ရဖူးပါသည်။
မီးရထားကြီးသည် မြင်းတိုက်(Myindaik)၊ ဆင်တောင်(Sintaung)၊ ခွေးရုပ်(Khwayyoke) စသည့် တိရစ္ဆာန်လေးများအမည်ဖြင့် ဘူတာငယ်များကို ဖြတ်သန်းရသည်။ ရထားလမ်းသည် မြေပြန့် မှ ပင်လယ်ရေမျက်နှာ ပြင်အထက် ၁,၄၀၆ မီတာရှိ ကလောမြို့သို့ တောင်တက်လမ်းပုံစံ ဖောက်လုပ် ထားခြင်းဖြစ်၏။ လွန်းထိုးလေးခုနှင့် ဥမင်များကို ကျော်ဖြတ်သွားရ၏။ အကွေ့အကောက်အတက် တရစပ် ကြမ်းလှသည်။ ပထမ လွန်းထိုးမှ ဒုတိယလွန်းထိုးအထိ ရထားကြီးသည် နောက်ဆုတ်တက် ရ၏။ ဒုတိယလွန်းထိုးမှ တတိယလွန်းထိုး၊ ခွေးရုပ်ဘူတာအထိ ရှေ့သို့တောက်လျှောက် အတက်ကြမ်း လွန်းလှပေသည်။ ဤသို့ဖြင့် မြင်းတိုက်ဘူတာကျော်လျှင်တော့ တောင်ပေါ်မြို့ ကလောသို့ ရောက်ပါ ပြီ။
ထိုအချိန်က ကလောမြို့ပတ်ဝန်းကျင်၌ ထင်းရှူးတောတို့ ပိန်းပိတ်ထူထပ်နေသည်ကို ပြန်လည်သတိရမိသည်။ "ကလော"က ဆက်ထွက်တော့ "အောင်ပန်း" ဘူတာ။
အောင်ပန်းမြို့သည်လည်း ထိုအချိန်က တိုင်းရင်းသားရိုးရာအိမ်လေးများနှင့် ကျေးရွာပုံစံမျိုးမျှ သာ။ ရထားကြီးသည် အောင်ပန်းမှ ဆက်ထွက်သည်။ မီးရထားလမ်းသည် သီခေါင်တောင်တန်းကို ကွေ့ကောက်ဖြတ်သန်းသွား၏။ ကန်နား (Kann Narr)ရွာ ဘူတာအလွန်သည် ဟဲဟိုးဘက်သို့အဆင်း ဖြစ်၏။ ဟဲဟိုး(HeHo)မြို့လေးသည် တောင်လေးလုံးတောင်တန်း၏အခြေ၌ တည်ရှိသော လွင်ပြင် ဒေသဖြစ်လေသည်။
ရထားလမ်းဖြတ်သန်းရာ ကန်နားရွာအလွန် တောင်ထိပ်မှနေ၍ လှမ်းပြီးမြင်တွေ့နေရသည့် ရိုးရာအိမ်မည်းမည်းလေးများနှင့် ရွာအစုစုများ၊ ဝါးပင်တန်းစိမ်းစိမ်းများ၊ စိုက်ခင်းရောင်စုံများ၊ မြေနီနီ လွင်ပြင်နှင့် လွင်ပြင်အဆုံးသတ်ရှိ နောက်ခံတောင်စဉ်တောင်တန်းညို့ညို့များ၏ ရှုခင်းများက ဆီးကြိုနေကြသည်။ ထိုမြင်ကွင်း အေးအေးချိုချိုများက ယနေ့ထက်တိုင် ရင်သို့ထိခတ်နေဆဲပင်။
ဆယ်စုနှစ် လေးစုနီးပါး ဤဒေသနှင့် ခွဲခွာခဲ့ရသည်။ နောက်ပိုင်း မိသားစုနှင့် အပန်းဖြေခရီးစဉ်၊ ဌာန၏ ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များနှင့် ပြန်ရောက်ဖြစ်ပါသည်။ သို့သော် ရထားလမ်းခရီးနှင့် မဟုတ် တော့။ ကားလမ်းခရီးနှင့်သာဖြစ်၏။ ရထားဖြင့်ဖြစ်စေ။ ကားဖြင့်ဖြစ်စေ ဒေသကတော့ လှပအေးချမ်း စွာကြိုဆိုနေလျက်ပင်။
ပစ္စုပ္ပန်
ယခုအခါ စာရေးသူသည် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခွင့် ရခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိခဲ့ပေပြီ။ "အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ် ပြည်မ အကြားအလပ် မရှိစေရေး အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ပေးရန်" ဟူသော ဝန်ကြီးဌာန၏ မဟာဗျူဟာသည် ရည်ရွယ်ချက်ကောင်းမွန်၍ အလွန်မွန်မြတ်လှပေသည်။
ဤကလောဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြို့ပြနှင့် ကျေးလက်၊ ကျေးလက် အချင်းချင်း ဆက်သွယ်သော ဖွံ့ဖြိုးရေးလမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ ထို့အပြင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် စက်မှုလက်မှု သင်တန်းကျောင်း (အောင်ပန်း) ကိုလည်း ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ ဒေသတည်ငြိမ်အေးချမ်းမှု နှင့်အတူ ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုဖြစ်ခဲ့ပေပြီ။
ထင်းရှူးပင်တွေ ပါးရှားသွားသည်မှအပ လမ်းဘေးရွာလေးတွေ မြို့ဖြစ်လာသည်။ လူသွား လမ်းလေးများ/ လှည်းလမ်းများက ကျောက်ခင်းလမ်း/ ကတ္တရာလမ်းတွေ ဖြစ်ကုန်သည်။ ရွာလေးများ သည် မီးထိန်ထိန်နှင့် ရေစနစ်၊ မီးစနစ်များ ခေတ်မီလာကြကုန်၏။ ခေတ်နှင့်အညီ တိုးတက်မြင့်မား နေပေပြီ။
သို့သော် ဒေသတွင်းဆက်သွယ်မှုလမ်းကွန်ရက်များ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်အတွက် လိုအပ်နေဆဲပင်ဖြစ်သည်။
ကလောမြို့
ဤသို့သော "ကလော" သည်ကား ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတို့ ဆင်းရာ၊ တက်ရာ တံခါးပေါက် နေရာပင်။ ပြည်ထောင်စုလမ်းမကြီးသည် ကလောမြို့ကို ဖြတ်သန်း သွား၏။
ရှေးမြန်မာမင်းများ လက်ထက်ကတည်းက "ကလော"သည် ရှမ်းပြည်နယ်သို့လာရာလမ်းတွင် ခရီးတစ်ထောက် နားခိုရာနေရာတစ်ခုလည်းဖြစ်ခဲ့သည်။
“နွားများလွှတ်ကျောင်းရာနေရာ” ဟုအဓိပ္ပာယ်ရသော ဓနုအမည် “ကလော” သည် ဒေသ အတွင်း ကုန်သွယ်ရာနေရာတစ်ခုအဖြစ် ရည်ညွှန်းထားပါသည်။ အဆိုပါအမည်ကိုပင် ပလောင် ဘာသာဖြင့် “ဒယ်အိုးစောက်” ဟုအဓိပ္ပာယ်ရသော “ကလောင်” ဟုဆိုကြသည်။ ရှမ်းစော်ဘွားများ အုပ်ချုပ်စဉ်ကာလများက ဈေးနေ့သတ်မှတ်ပေးခဲ့ရာ ရွာများမှ ဈေးနေ့တွင် လှည်းများဖြင့် လာရောက် ရောင်းချကြသည်။ ထို့ကြောင့် မြန်မာအဓိပ္ပာယ် “လှည်းဈေး”၊ ရှမ်းဘာသာဖြင့် “ၵၢတ်ႇလေႃႉ” ဟုခေါ် ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ကလော ဟုပြောင်းလဲသွားခဲ့သည်ဟု ဆိုကြပါသည်။ ထို့ကြောင့် ကလောဒေသသည် ရှေးယခင်ကပင် လူမျိုးစုပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ အေးအတူ၊ ပူအမျှ အတူတကွနေထိုင်ခဲ့ရာ နယ်မြေတစ်ခုဖြစ်ကြောင်း အဆိုပါရှင်းလင်းချက်များက ညွှန်ပြနေပါသည်။
ကလောမြို့ကို ဗဟိုပြု၍ မဂွေဆင်စခန်း၊ အိုးစည်တောင်၊ မှိုင်းလုံးတောင်၊ ရေယောင်းမ View Point၊ ပင်းတယ၊ ရွာငံ၊ ညောင်ရွှေ၊ အင်းလေး၊ တောင်ကြီး၊ ကျောက်တစ်လုံး(ကက္ကူ)၊ ဟိုပုံးမြို့၊ တီကျစ်ဒေသများသို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။ ထို့ကြောင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) အတွက် ကောင်းမွန်သည့် ဒေသတစ်ခုဟု သတ်မှတ် ထားပါသည်။
အိပ်မက်များ နိုးထစေခဲ့ပြီ
နိုင်ငံတော်ဝန်ကြီးချုပ်သည်-
၂၀၂၁ ခုနှစ်၊ မိုးအကုန် ဆောင်းအကူးကာလက ဤကလောဒေသသို့ ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ သည်။ ဒေသခံများနှင့် နွေးထွေးရင်းနှီးစွာ တွေ့ဆုံခဲ့ပါသည်။ ဒေသခံများက "ကလောမြို့ နှီးဘုရား လမ်းခွဲမှ တာယောကျေးရွာ- ညောင်ကုန်း- ရွှေမင်းဖုန်းဘုရားနှင့် တောင်ပဲ့ ကျေးရွာချင်းဆက်လမ်းမှာ ရွာသူရွာသားများ ဒေသအစီအစဉ်ဖြင့် ဖောက်လုပ်ထားသည့် လမ်းသာဖြစ်သဖြင့် အဆင့်မြှင့်တင် ပေးပါရန်" ဟုတင်ပြခဲ့ကြသည်။ တင်ပြချက်များအား နယ်စပ်ရေးရာ ဝန်ကြီးဌာနက အကောင်အထည် ဖော်ပေးရန် တာဝန်ပေးအပ်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်မှစ၍ ဤလမ်းများအား အဆင့် မြှင့်တင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပေးခဲ့ပါသည်။
ကလောမြို့၊ ရပ်ကွက် (၈)မှ တာယော- ရွာသစ်- ညောင်ကုန်း- ရွှေမင်းဖုန်းဘုရား- အလယ်ရွာ- ဆော်တောရွာ- တောင်ပဲ့ ကျေးရွာချင်းဆက်လမ်းအား ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မြေလမ်းတာ ချဲ့ခြင်း ၁၀ မိုင် ၅ ဖာလုံ နှင့် ၅ ပေ Box Culvert ၂၀ စင်းကိုလည်းကောင်း၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် ၎င်းမြေလမ်း အဆင့်မြှင့်တင်ပေးရန် ၄ မိုင် ကျောက်ခင်းခြင်းနှင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် ၄ မိုင်၊ စုစုပေါင်း ၈ မိုင် ကျောက်ခင်းလမ်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် အဆိုပါလမ်းမှ တစ်ဆင့် ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရှုခင်းသာမှ ဟင်းခါးကုန်းကျေးရွာသို့ ဆက်သွယ်သည့် မြေသား လမ်း ၂ မိုင် လမ်းတာချဲ့ခြင်းနှင့် ၎င်းလမ်းပေါ်တွင် ၅ ပေ Box Culvert ၆ စင်း တည်ဆောက်ခြင်းအား ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆက်စပ်ဆောင်ရွက်ပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် ၆ ကြိမ်တိုင်တိုင် ဤလမ်းလုပ်ငန်းများ ပြီးစီးမှုအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးသည့် ခရီးစဉ်၌ ဖောက်လုပ်ထားသည့်လမ်းများနှင့် လမ်းကြောင်းတစ်ခုတည်းဖြစ်သည့် ရှုခင်းသာ- ဟင်းခါးကုန်း- ဆင်တောင်- ခွေးရုပ်ကျေးရွာများ ဆက်သွယ်သည့်လမ်းအား ဆက်လက်အဆင့်မြှင့်တင်ပေးရန် စီစဉ် ခဲ့ပါသည်။
ထို ဟင်းခါးကုန်း- ဆင်တောင်- ခွေးရုပ်လမ်းသည် စုစုပေါင်း ၅ မိုင် အရှည်ရှိ၏။ ဟင်းခါးကုန်း ကျေးရွာမှ ဆင်တောင်ကျေးရွာအထိ ၂ မိုင် ၂ ဖာလုံကွာဝေး၏။ ဆင်တောင်ကျေးရွာမှ ခွေးရုပ်ကျေးရွာ အထိ ၂ မိုင် ၆ ဖာလုံကွာဝေး၏။ လမ်း၏အကျယ်မှာ ၈ ပေ၊ ၁၀ ပေခန့်သာရှိသော တစ်ကြောင်းထိုး မြေသားလမ်းသာဖြစ်ပြီး မိုးရွာသွန်းမှုများကြောင့် လမ်းသားများ ရေတိုက်စား ပျက်စီးနေကြ၏။ ရေစီး ကြောင်းမြောင်းများက လမ်းကို ကန့်လန့်ခံထားပြန်သည်။ တချို့နေရာများသည် တောင်ကမ်းပါးယံ သားများပဲ့ကျပြီး လမ်းကြောင်းပေါ်သို့ ပြိုကျပိတ်ဆို့နေကြ၏။ မော်တော်ကားများ သွားလာခြင်းမပြုနိုင်။ ဆိုင်ကယ်နှင့် ခြေလျင်ဖြင့်သာ သွားလာအသုံးပြုနိုင်ကြောင်း စိစစ်တွေ့ရှိရပါသည်။ နယ်မြေအေးချမ်း တည်ငြိမ်သော်လည်း ဤတစ်ကြောင်းတည်းသော လမ်းကိုသာအားထား၍ ခက်ခက်ခဲခဲ သွားလာနေ ရ၏။ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် မဖြစ်မနေ သွားလာ အသုံးပြုနေကြရသည်။
ထို့ကြောင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဟင်းခါးကုန်းမှ ဆင်တောင်- ခွေးရုပ်ဘူတာအထိ ၅ မိုင် မြေလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ပေးခဲ့ပါသည်။ မူလမြေလမ်း ၁၀ ပေ ကို လမ်းအကျယ် ၂၉ ပေအထိ လမ်းတာချဲ့ပေးခဲ့ခြင်းဖြစ်သည်။ လမ်းသားမပျက်စီးစေရန်၊ ရေစီးဆင်းမှု ကောင်းမွန်စေရန် လိုအပ်သောနေရာများတွင် ၅ ပေ Box Culvert ၉ စင်းကိုလည်း တည်ဆောက် ပေးခဲ့ပါသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရွှေမင်းဖုန်း- တောင်ပဲ့လမ်း အဆင့်မြှင့်တင်ပေးရန် ကျောက်ခင်းလမ်း ၂ မိုင်နှင့် ကတ္တရာလမ်း ၄ ဖာလုံတို့အား နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ၄၁၀ ဒသမ ၆ သန်းဖြင့်လျာထားခဲ့ပြီး ထပ်မံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရသည် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ လမ်းများ လမ်းတာချဲ့ပေးခြင်း ၁၅ မိုင် ၅ ဖာလုံ၊ ကျောက်ခင်းလမ်း ၁၀ မိုင်၊ ကတ္တရာလမ်း ၄ ဖာလုံနှင့် Box Culvert ၃၆ စင်းတို့အား နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ရန်ပုံငွေနှစ်ရပ် စုစုပေါင်းကျပ် ၂၂၂၂ ဒသမ ၁၁၇ သန်းဖြင့် ဤဒေသ၏ လမ်းပန်းဆက် သွယ်မှုကဏ္ဍ ကောင်းမွန်ရေး ဆောင်ရွက်ပေးနိုင်ခဲ့လေပြီ။
ဤခရီး၊ ဤလမ်းများ ကောင်းမွန်စေရေး ဒေသခံများ မျှော်လင့်ခဲ့ရသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပေပြီ။ နိုင်ငံတော်အကြီးအကဲများနှင့် မိမိတို့ဝန်ကြီးဌာနက ကွင်းဆင်းစိစစ်၍ လမ်းများအဆင့် မြှင့်တင်ပေးရန် လျာထားချိန်မှစ၍ ဒေသခံပြည်သူများ၏ ပျော်ရွှင်ဝမ်းမြောက်မှုများကား ဖော်ပြနိုင် စွမ်းမရှိခဲ့။ ယခုအခါ လမ်းများကောင်းမွန်သွားခဲ့ပေပြီ။ သူတို့ လိုလားတောင့်တခဲ့သည့် ဆန္ဒများပြည့်ဝ ခဲ့လေပြီ။ ကလောမြို့ဝန်းကျင် ပလောင်တောင်ဒေသ ကျေးရွာများ၏အိပ်မက်ကို နယ်စပ်ရေးရာ ဝန်ကြီးဌာနက အကောင်အထည်ဖော် ပေးနိုင်ခဲ့လေပြီ။
ကိုယ်တိုင်မြင်တွေ့ခံစားကြည့်ပါ
"ဒေသတစ်ခုကို လမ်းပန်းဆက်သွယ်ရေးကောင်းအောင် အရင်ဆုံး လုပ်ပေးလိုက်ပါ။ ကျန်တာ တွေက အလိုလို မျက်စိပွင့်၊ နားပွင့်ဖြစ်သွားမှာပါ" ဟု အကြီးအကဲတစ်ဦးက လမ်းညွှန်ခဲ့ဖူးပါသည်။
မြန်မာနိုင်ငံအနှံ့အပြား၌ ကားလမ်းမကြီးများ၊ ရထားလမ်းများဖြတ်သန်းရာ နံဘေးရှိ မြို့/ ကျေးရွာ များသည် ပိုမိုဖွံ့ဖြိုး တိုးတက်ကြကုန်၏။ သို့သော် လမ်းမကြီးများနှင့် အလှမ်းဝေးရာ၊ ခရီး ဆက်သွယ် သွားဖို့ခက်ခဲရာ၊ အရောက်အပေါက်နည်းပါးရာ ဒေသများရှိ ကျေးရွာများကား ဖွံ့ဖြိုးတိုးတက်ရန် လိုအပ် ချက် အများအပြား ရှိနေဆဲပင်။ ထိုဒေသတို့သည် ဖွံ့ဖြိုးရေးကို အထူးငံ့လင့် ကုန်ကြ၏။ နယ်စပ်ဒေသ များမှပင်မဟုတ်။ မြို့ကြီး၊ မြို့ငယ်များဘေးတွင် ရှိနေစေကာမူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု မရှိခြင်းကြောင့် တိုးတက်သင့်သလောက် မတိုးတက်၊ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသောဒေသများ လည်း အများအပြားရှိနေဆဲပင်။
စိမ်းညို့သောတောင်တန်းများ၊ မြင့်မားသောထင်းရှူးတောများ တည်ရှိရာ ကလောနှင့် ပတ်ဝန်း ကျင် အရပ်ဒေသများသည်ကား-
မြင်သမျှတို့ လှပအေးချမ်း၏။
ကြားသမျှတို့ သာယာချိုမြိန်၏။
စိတ်ကူးထင်သမျှတို့ ကြည်နူးပီတိဖြစ်ရ၏။
သို့သော် တချို့အလှတရား၊ အမှန်တရားတို့သည် စာဖြင့်ဖော်ပြ၍မရ။
ဓာတ်ပုံနှင့်ရိုက်ပြ၍လည်း သေချာမမြင်နိုင်။
ပစ္စက္ခအခြေအနေကို ကိုယ်တိုင်မြင်တွေ့ ခံစားကြည့်မှသာ ပြီးပြည့်စုံပါလိမ့်မည်။
ဝထကလသ
(နတလ)