လားရှိုး၊ အောက်တိုဘာလ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (လားရှိုး)တွင် ယနေ့နံနက်၉နာရီက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်မြမြသင်းက သင်တန်းကာလအတွင်း သင်ကြားပို့ချမည့် ဘာသာရပ်များ၊ လက်တွေ့ လေ့ကျင့်ရမည့်သင်ခန်းစာများ၊ သင်တန်းသူများ သင်တန်းကာလအတွင်း အဆင်ပြေစွာ နေထိုင်နိုင်ရေး အတွက် စီမံထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယတိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်း ထောက်ပံ့ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်များနှင့် အခြားမြို့နယ်များမှ သင်တန်းသူ စုစုပေါင်း ၃၀ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)