နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန်လ ၃၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တာဝန် ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သုဓမ္မဝတီမြို့သစ်၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒေသခံပြည်သူများအတွက် တည်ဆောက်ပေးထားသော တန်ဘိုးနည်း အိမ်ရာ (၅၀) လုံး ပြီးစီးမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တန်ဘိုးနည်းအိမ်ရာ (၅၀) လုံး၌ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်  နယ်စပ်ဒေသရှိ ဒေသခံပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်ရှိသည်များကို စိစစ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုလို အိမ်ရာများ တည်ဆောက်ပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သကဲ့သို့ ဒေသခံပြည်သူများမှလည်း ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုပြင်ထိန်းသိမ်း၍ စည်ကားသိုက်မြိုက်အောင်  နေထိုင်သွားကြရန် မှာကြားခဲ့ပြီး ဒေသခံများ၏ လိုအပ်ချက်၊ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါ သည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်ပြည်နယ်၊ သထုံမြိုမှ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကစ်ကော်မြို့သစ် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်တို့မှ မြို့သစ်စီမံကိန်း တည်ဆောက် ပြီးစီးမှု အခြေအနေများ၊ တည်ဆောက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များအား မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး လေးကစ်ကော်မြို့သစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    လေးကစ်ကော်မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စု၊ ရသေ့ဂူရွာ၏ အနောက်တောင်ဘက် (၂) မိုင်ခန့်အကွာတွင် တည်ရှိပြီး ဖလူးဒေသတွင် ယခင်ဖြစ်ပွား ခဲ့သော စစ်ပွဲများကြောင့် နေရပ်စွန့်ခွာသွားခဲ့ကြသည့် ဒေသခံတိုင်းရင်းသားများကို ပြန်လည်နေရာ ချထားပေးနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စတင်အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်သည်။
    ယခုအခါ အဆိုပါမြို့သစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစီအစဉ်ဖြင့် တန်ဘိုးနည်းအိမ်ရာ (၂၁၃) လုံး တည်ဆောက်ပြီးစီးခဲ့ပြီး ကရင်ပြည်နယ်အစိုးရနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် နေအိမ် (၁၀၀) လုံး တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာအသီးသီး အစီအစဉ်ဖြင့် မြဝတီ-မယ်ထော်သလေး-လေးကစ်ကော်-ရသေ့ဂူ ကတ္တရာလမ်းကိုလည်းကောင်း၊ စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်းနှင့် ဂါလံ (၄၅၀၀၀) ဆံ့ ရေလှောင်ကန်ကိုလည်းကောင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများကို လည်းကောင်း၊ (22 KV) ဓာတ်အားလိုင်းကိုလည်းကောင်း၊ စာသင်ကျောင်းဆောက် လုပ်ရေး လုပ်ငန်းများကိုလည်းကောင်း၊ တည်ဆောက်ပြီးစီးခဲ့ပြီး တိုက်နယ်ဆေးရုံ ရရှိရေးအတွက် လျာထားတင်ပြ ထားကြောင်းနှင့် အဆိုပါမြို့သစ်တွင် အိမ်ထောင်စု (၄၆၂) စု၊ လူဦးရေ (၁၇၀၀) ခန့် အခြေချနေထိုင်လျက် ရှိကြောင်း သိရှိရပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် မြဝတီမြို့နယ်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ်ထားရှိသော အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၅၇) နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၄၃) တွင် တက်ရောက်နေကြသော သင်တန်းသူ (၄၉) ဦး သင်တန်းတက်ရောက် သင်ကြားနေမှုများအား ကြည့်ရှုခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ သင်တန်းသူအိပ်ဆောင်များ၊ စားရိပ်သာများ၊ စားဖိုဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင်လ (၁) ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ကရင်ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်နှင့် ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအပေါ် ရင်းရင်းနှီးနှီး အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘားအံမြို့တွင် ဖွင့်လှစ်ထားသော အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်းများသို့ သွားရောက်၍ သင်တန်းသားများ သင်ကြားလေ့ကျင့် ပေးနေမှု၊ နေထိုင်စားသောက်မှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားမှုများအား လိုက်လံ စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph