နေပြည်တော် နိုဝင်ဘာ ၁၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ နားဇရင်း ယာယီနေရပ်စွန့်ခွာစခန်းနေ တိုင်းရင်းသားပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် ၄ လက်မ စက်ရေတွင်းတူးဖော်ပြီးစီးမှုအခြေအနေကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၌ အဆိုပါရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ တင်ပြချက်အပေါ် လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကာ ရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ရှိ အမှတ်(၂)နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အဆိုပါသင်တန်းကျောင်းမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများကို ဘက်စုံထူးချွန်သူများ၊ ဗလငါးတန်နှင့်ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်မှအားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်လာစေရေး၊ စာပေပညာရပ်များအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်နှင့်ဆင်ခြင်တုံတရားမြင့်မားလာစေရေးအတွက် အလေးထား လေ့ကျင့်သင်ကြားပြုစုပျိုးထောင်သွားကြရန် မှာကြား၍ ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။