ဒီးမော့ဆို နိုဝင်ဘာလ ၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေ ကျပ် ၂၈၃ ဒဿမ ၀၂၆ သန်းဖြင့် ခူးပရာ-ကန်ကလုပ်-စနိုက် (ခေါင်းကိင်) ကျေးရွာချင်းဆက် မြေလမ်း (၇) မိုင် (၄) ဖာလုံအနက် (၂) မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ လမ်းတာချဲ့ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert (၄)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းစတင် ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် အရှည် (၇) မိုင် (၄) ဖာလုံရှိပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၁၇၆ ဒဿမ ၄၁၃ သန်းဖြင့် (၇) မိုင် (၄) ဖာလုံမြေလမ်းဖောက်လုပ်ခြင်း၊ (၃၀) ပေ ကွန်ကရစ်တံတား (၁) စင်းနှင့် Box Culvert (၁၀) စင်း ဆောက်လုပ်ခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၈၆ ဒဿမ ၉၅၅ သန်းဖြင့် (၃၀)ပေ ကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၂၅၅ ဒဿမ ၇၉၅ သန်းဖြင့် မြေလမ်း (၇)မိုင်(၄)ဖာလုံအနက် (၂)မိုင် ကျောက်ခင်းခြင်း၊ Box Culvert (၆)စင်း၊ (၂)ဖာလုံလမ်းချဲ့ Step ခံခြင်းနှင့် (၃၅) ပေ သစ်သားတံတား(၁)စင်း ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်(၅)မိုင် (၄)ဖာလုံအနက် (၂)မိုင် ကျောက်ခင်းခြင်း၊ လမ်းတာချဲ့ခြင်းနှင့် Box Culvert (၄)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၂၈၃ ဒဿမ ၀၂၆ သန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးပါက နယ်စပ်ဒေသ ကျေးလက်နေပြည်သူများ တစ်ရွာနှင့်တစ်ရွာ ရာသီမရွေး ဆက်သွယ်သွားလာနိုင်ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများအနေဖြင့် ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်များသို့ လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။