နေပြည်တော်၊ အောက်တိုဘာလ ၃၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ ၂၀၁၆-၂၀၁၇ ပညာသင် နှစ်၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်းတို့၏ ဘွဲ့နှင်းသဘင် အခမ်း အနားအား ယနေ့နံနက် (၉) နာရီအချိန်တွင် အဆိုပါ ဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ပါမောက္ခများ၊ ဆရာ/ ဆရာမများ၊ ဘွဲ့/ဒီပလိုမာရရှိသည့် သင်တန်းသားများ၊ သင်တန်းသားများ၏ မိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားများရဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်စေရန်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒီဂရီကောလိပ် (ရန်ကုန်)ကို ၂၀၀၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယနေ့အထိ ဝိဇ္ဇာဘွဲ့ (၃၂၄) ဦး၊ သိပ္ပံဘွဲ့ (၉၁၂) ဦး၊ A.G.T.I ဒီပလိုမာ (၄၅၆) ဦး စုစုပေါင်း (၁၈၂၇) ဦး တို့အား ဝန်ကြီးဌာန (၁၅)ခုမှာ ဝန်ထမ်းကောင်းများအဖြစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး တာဝန်များကို အသီးသီး ထမ်းဆောင်လျက်ရှိကြပါကြောင်း၊ သင်တန်းဆင်းပြီး သူများထဲမှ မဟာဘွဲ့ (၁၀၂) ဦး၊ မဟာ သုတေသနဘွဲ့ (၄၃) ဦး၊ B.E ဘွဲ့ (၈၈) ဦး၊ M.E ဘွဲ့ (၁၃) ဦး၊ Ph.D ဘွဲ့ (၁၃) ဦးကို အောင်မြင် စွာ မွေးထုတ်ပေးနိုင်ခဲ့သလို တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၅၁)မျိုး သင်တန်းဆင်းခဲ့ကြပြီး ဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် ဝန်ကြီးဌာနအသီးသီးတွင် နိုင်ငံတော်၏တာဝန် အမျိုးမျိုးကို ထမ်းဆောင်နေကြပြီဖြစ်သည့်အတွက် မောင်တို့ကလည်း ကျောင်းတော်ကြီးနဲ့ နောင်တော်များရဲ့ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၏ ပညာရေး ရည်မှန်းချက်နှင့်အညီ လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှ Long Life Learning အနေနဲ့ ယခုထက်ပိုမိုမြင့်မားတဲ့ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများကို နိုင်ငံ့တာဝန်တွေထမ်းဆောင်ရင်း ဆက်လက်ဆည်းပူးကြိုးစားစေလိုကြောင်း၊ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို နိုင်ငံတော် အစိုးရ အဆက်ဆက် အားကြိုးမာန်တက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊
သင်တန်းဆင်း မောင်တို့ကို ဘွဲ့ရပြီးသည်နှင့် အလုပ်တာဝန်တစ်ခါတည်း ခန့်အပ် ပေးသွားမည်ဖြစ်သည့်အတွက် ဝန်ထမ်းဘဝသို့ ကူးပြောင်းတော့မှာ ဖြစ်တာကြောင့် ဝန်ထမ်းတစ်ယောက်၏ ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ခံမှုရှိခြင်းဝန်ထမ်းများဖြစ်လာပါက ဝန်ထမ်းတစ်ဦးချင်း၏ ရပိုင်ခွင့်များကို သိရှိဖို့လိုသလို ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ လိုက်နာရမည့် ကျင့်ဝတ်၊ စောင့်ထိန်းရမည့် စည်းကမ်းများကိုလည်း တိတိကျကျလိုက်နာသွားဖို့လိုအပ်ကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များကို လက်တွေ့ကျကျအသုံးချပြီး တိုင်းရင်းသားလူမျိုးများရဲ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများ ကိုပါ ပူးတွဲတာဝန်ထမ်းဆောင် ကြရမယ်ဆိုတာ နားလည်သိရှိ သဘောပေါက်ပြီး မိမိရောက်ရှိ တာဝန်ထမ်းဆောင်သည့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက် ကြဖို့ မှာကြားလိုကြောင်း၊
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်တွေရဲ့ ဘဝတိုးတက်မြင့်မားစေလိုတဲ့ ရည်ရွယ် ချက်နဲ့ မောင်တို့ ပညာသင်ယူခဲ့တဲ့ ကာလအတွင်း နိုင်ငံတော်က ၁၀၀ရာခိုင်နှုန်းပြည့်နီးပါး ထောက်ပံ့ခဲ့ပါကြောင်း မောင်တို့ကို ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာ အရည်အချင်းတွေ ပြည့်ဝအောင် ခံယူရမဲ့ သဘောတရားတွေကိုလည်း သိရှိအောင် သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ ကျေးဇူးကို သိရှိပြီး ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ မိမိတို့ တာဝန်ကျရာဒေသမှာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေကို သိရှိလိုက်နာတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်ရင်း တိုင်းရင်းသား လူငယ်တွေကို ဥပဒေလေးစားလိုက်နာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင် သူများဖြစ်အောင် လက်တွဲခေါ်ဆောင်ပေးရန်နှင့်မောင်တို့အနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားမိဘ ပြည်သူများအကြား ထိရောက်သော ကြားခံပေါင်းကူးများအဖြစ် ပါဝင်ဆောင်ရွက်သွားကြရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေကို အခြေခံပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊
နိဂုံးချုပ်အနေဖြင့် “ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါးဟာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမြဲမှန်ကန်ပြီး မရှိမဖြစ်အရေးကြီးသော လုပ်ငန်းစဉ် တစ်ခုဖြစ်ပါသဖြင့် တိုင်းရင်းသားလူမျိုးတွေဆီမှာ မှန်ကန်သောပြည်ထောင်စုစိတ်ဓာတ်၊ အတွေးအခေါ်ခံယူချက်တွေဖြစ်လာအောင် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊မိမိ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းတန်ဖိုး ထားရန် မလိုလားအပ်သော ငွေကြေး၊ မိန်းမ၊ အရက်သေစာ၊ မူးယစ်ဆေးဝါး လမ်းကြောင်းပေါ် မရောက်ရအောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းသွားကြဖို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒို့တာဝန်အရေး (၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ကျေးဇူးသစ္စာကို အမြဲစောင့်သိရိုသေတဲ့ နိုင်ငံ သားကောင်းများအဖြစ် ကြိုးစားသွားကြပါလို့ ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းအလိုက် ထူးချွန်ဆုရ ကျောင်းသားများ အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းဆင်းကျောင်းသားများ ဖြစ်သော ဝိဇ္ဇာဘွဲ့ရ(၇၉)ဦး၊ သိပ္ပံဘွဲ့ရ(၁၄၆)ဦး၊ A.G.T.Iဒီပလိုမာ(၆၈)ဦး၊ စုစုပေါင်း(၂၉၃)ဦးတို့အား ယခင်နှစ်များနည်းတူ ဝန်ကြီးဌာန(၁၁)ဌာနသို့ တာဝန်ပေးအလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ဆက်လက်ကျင်းပရာ တက်ရောက်လာသော ဝန်ကြီးဌာနကိုယ်စားလှယ်များက ပေးအပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ကျောင်းသားကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူခဲ့ပါသည်။အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသားများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်း ကျောင်းသား များအား ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။