
မြစ်ကြီးနား ဇန်နဝါရီ ၉
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် အဆိုပါစခန်းနေရာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြပြီး မုခ်ဦးကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အပန်းဖြေစခန်းအတွင်းရှိ ကျောက်လုံးရင်ပြင်၊ ရိုးရာတဲအိမ် အဆောက်အအုံများ၊ ဝါးတံတား၊ ပန်းခင်းများဖြင့် ပုံဖော်ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးလေ့ကျင့်ခန်း စုပေါင်း ဆောင်ရွက်နေမှုနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ရိုးရာတေး သီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြကာ ချီးမြှင့်ငွေ များကို ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ စီတာပူ မနောကွင်းအတွင်း (၇၇)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက် ကချင် ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး မနောပွဲတော် အခမ်းအနားကို ရိုးရာအစဉ်အလာနှင့်အညီ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် အတွင်းရှိ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်း ကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မနောအက ဦးဆောင်သူ နောင်ရှောင်(Nau Shawng) များ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်ခြင်းကို ထုတ်ဖော် ပြသသည့် မနောအကကို ရိုးရာအစဉ်အလာနှင့်အညီ တပျော်တပါး စုပေါင်းဆင်နွှဲကြသည်။
ယင်းနောက် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ပြသထားသည့် ဒေသထွက် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ၊ အသုံးအဆောင်နှင့် အသင့်စား စားသောက်ကုန်ပစ္စည်းများ၊ ရိုးရာအဝတ်အထည် ထုတ်ကုန်များ၊ ဝါးနှင့် ကြိမ်ထည် အသုံးအဆောင်ပစ္စည်း ထုတ်ကုန်ပြခန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းနှင့် ပညာရေးပြခန်းတို့ကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပ ပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင် များက ဟင်းရွက်ပြိုင်ပွဲ၊ အသီးနှင့်အသီးပါ အပင်ပြိုင်ပွဲ၊ ဥယျာဉ်ခြံသီးနှံပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် ယဉ်ကျေးမှုပြတိုက် အဆောင်သစ် ပထမအဆင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပြတိုက်အဆောက်အအုံသစ်ကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် က ပြတိုက် အဆောက်အအုံသစ် တိုးချဲ့ တည်ဆောက်ခြင်းနှင့် ပြခန်း၊ ပြကွက်များ ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ပြတိုက်ပထမအဆင့်တွင် ခင်းကျင်းပြသထားသည့် ကချင် ပြည်နယ်မိတ်ဆက်ပြခန်း၊ Digital Museum ပြကွက်များကိုလည်းကောင်း ရှင်းလင်းပြသပြီး ပြတိုက် အတွင်းလှည့်လည်ကြည့်ရှုကြသည်။
အဆိုပါယဉ်ကျေးမှုပြတိုက် တိုးချဲ့အဆောက်အအုံသစ်သည် အလျားပေ ၆၀၊ အနံပေ ၁၂၀၊ အမြင့် ၃၂ ပေရှိ RC ၂ ထပ်အဆောက်အအုံဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၉၉၄ ဒသမ ၈၈၀ သန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းက (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ရောက်ရှိလာကြသည့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် မြစ်ကြီးနားလေဆိပ်သို့ရောက်ရှိခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရင်းနှီးပျူငှာစွာ ကြိုဆိုခဲ့ကြသည်။
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များအား ကချင်ရိုးရာအင်္ကျီ၊ ရိုးရာဆောင်ဓား၊ ရိုးရာလွယ်အိတ်နှင့် ခေါင်းပေါင်းတို့ကို ဂါရဝပြုပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
