(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင် ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ တက်ရောက်

မြစ်ကြီးနား  ဇန်နဝါရီ  ၁၀
        (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို  ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
   ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့  အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဖတ်ကြားသည်။
   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
   ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နေရောင်ခြည်စွမ်းအင် အသုံးပြု အိမ်သုံးဆိုလာ(Panels 120 Watt Solar Home System) အစုံ ၁၅၀ ကို ပြည်နယ်အစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လက်ခံရယူသည်။
    ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က MRTV DTH အစုံ ၅၀ နှင့် DVB T2 Set Top Box အလုံး ၅၀ ကို ပြည်နယ်အစိုးရ အဖွဲ့သို့လှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်နယ်မိသားစုများ အတွက် MRTV DTH အစုံ ၃၀ နှင့် DVB T2 Set Top Box  အလုံး ၅၀ ကိုလှူဒါန်းရာ ဒုတိယတိုင်းမှူးကလည်းကောင်း လက်ခံရယူကြသည်။
    ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်ရှိ မနောကွင်း၌ (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အပိတ် မနောအကကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်‌၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်    တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ကရင်နှင့် ရခိုင် တိုင်းရင်းသားမျိုးနွယ်စုများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊  ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား၊   သင်တန်းသူများ၊   နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မနောအက ဦးဆောင်သူ နောင်ရှောင်(Nau Shawng)များ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသသည့်အနေဖြင့် အောင်မြင်ခြင်း အထိမ်းအမှတ် မနောကွင်းအတွင်း တပျော်တပါးစုပေါင်း ဆင်နွှဲကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
    ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၁၀ ရက်တွင် ကျင်းပခဲ့သည့် ကချင်ပြည်နယ်ကောင်စီ ညီလာခံကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ   စဝ်ရွှေသိုက် ကိုယ်တိုင် တက်ရောက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ၎င်းဇန်နဝါရီလ၁၀ ရက်ကို   ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇၇)နှစ်မြောက်ရှိခဲ့ပြီဖြစ်သည်။
    မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးတို့သည် မြစ်ကြီးနားမြို့  ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည့် (၇၇)နှစ်မြောက်  ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက်  ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှစွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်  လူပုဂ္ဂိုလ်၊  အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
   အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ထူးဆောင်ဆု၊ ဆုပစ္စည်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို  ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
   ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ထူးဆောင် လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းနိုင်ရေး အတွက် လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

   ဆက်လက်၍ ဂုဏ်ထူးဆောင်လက်မှတ် နှင့် ဂုဏ်ထူး‌ဆောင်ဆုပစ္စည်း ပေးအပ်ချီးမြှင့်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက စီမံထူးချွန်ဆု (ပထမအဆင့်) ရရှိသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက စီးပွားထူးချွန်ဆုနှင့် လူမှုထူးချွန်ဆု (ပထမအဆင့်) ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် က စီမံထူးချွန်ဆု၊ စီးပွားထူးချွန်ဆုနှင့် လူမှုထူးချွန်ဆု (ဒုတိယအဆင့်နှင့် တတိယအဆင့်) ရရှိသူ များကိုလည်းကောင်း ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ပေးအပ်ချီးမြှင့် ကြပြီး ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
 ညနေပိုင်းတွင် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များ တက်ရောက်ကြသည်။
    ဂုဏ်ပြုညစာစားပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုနှုတ်ခွန်းဆက် စကားပြောကြားသည်။
   ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည်  ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာကို တက်ရောက်လာကြသူများနှင့် အတူတကွ နွေးထွေး ပျော်ရွှင်စွာ သုံးဆောင်ကြပြီး ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၏ ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို အားပေးကြည့်ရှုကြကာ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
 

Post Paragraph