(၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရား အတက်လမ်း ၂၂ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းသစ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်

တောင်ကြီး ဖေဖော်ဝါရီ ၆
   (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားအတက်လမ်း ၂၂ ပေအကျယ် ကတ္တရာကွန်ကရစ် (AC) လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားအတက် လမ်းသစ်ဖွင့်ပွဲမုခ်ဦး၌ ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
   ဦးစွာ ရွှေဘုန်းပွင့်ဘုရား အတက်လမ်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ စိန်နှင်းဆီသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်နှင့် လွိုင်ခမ်းအဆင့်မြင့် အိမ်ရာစီမံကိန်းမှ ဦးစိုင်းရွက်၊ ရွှေဘုန်းပွင့်ဘုရားဂေါပကအဖွဲ့ ဦးခင်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စိန်နှင်းဆီသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်နှင့် လွိုင်ခမ်းအဆင့်မြင့်အိမ်ရာစီမံကိန်းမှ ဦးစိုင်းရွက်အား ဂုဏ်ပြုမှတ်တမ်းပေးအပ်သည်။
   ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ရွှေဘုန်းပွင့်ဘုရား ဂေါပကအဖွဲ့နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တောင်ကြီးရုံးခွဲ)၊ ပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး၊ အထက (၄) ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအဖွဲ့၊ ရှမ်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၊ ကိန္နရီ၊ ကိန္နရာအကအဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကြသည်။
   ဆက်လက်၍ ရွှေဘုန်းပွင့်စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပူဇော်၍ ဖူးမြော်ကြည်ညိုကြပြီး စေတီတော်အား တင်လှူပူဇော်မည့် ထီးတော်စိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ဖူးမြော်ကြသည်။
   ထို့နောက် စေတီတော်ဓမ္မာရုံ၌ကျင်းပသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲသို့တက်ရောက်ရာ နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်း ကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာန စရိယ ဘဒ္ဒန္တ အဂ္ဂဓမ္မာ ဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တောင်ကြီးမြို့ သိမ်တောင် ကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ တေဇဝန္ထထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
   ထိုမှတစ်ဆင့် (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကလောမြို့နယ် ဟဲဟိုး- ဘောဆိုင်းလမ်းမှ တောင်မြေခြား-မြောက်မြေခြားလမ်း ကတ္တရာလမ်းသစ် (၁/၆.၈၂) မိုင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
   ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဟဲဟိုး-ဘော်ဆိုင်းလမ်းမှ တောင်မြေခြား၊ မြောက်မြေခြားလမ်း ကတ္တရာလမ်းသစ် (၁/၆.၈၂) မိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
   ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း လမ်းတံတားများနှင့် ကတ္တရာလမ်းသစ် (၁/၆.၈၂) မိုင်ဆောင်ရွက်ခဲ့မှုများကို ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်က ရှင်းလင်းတင်ပြကာ ဒေသခံကျေးရွာကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 

video-upload