အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင်(၃)

နိုင်ငံတကာအဖွဲ့အစည်းများနှင့်
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ခြင်း (Government to Government)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ (UN Agencies) နှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGO)နှင့်ပူးပေါင်း ဆောင်ရွက်ခြင်း တို့ဖြစ်သည်။ 
နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံက“ဘိန်းစိုက်ပျိုးမှု စွန့်လွှတ်သည့်တောင်သူများသို့ ထောက်ပံ့ခြင်း” အား တစ်ကြိမ်လျှင် ဆန်တန်ချိန် တစ်သောင်းနှင့်  နှစ်ကြိမ်အတွက် ဆန်တန်ချိန်နှစ်သောင်း ထောက်ပံ့ပေးခဲ့ပါသည်။
ပထမအကြိမ်အား ၂၀၀၆ ခုနှစ်တွင် ကိုးကန့်အထူးဒေသ (၁)၊ “ဝ” အထူးဒေသ (၂)၊ မိုင်းလား အထူးဒေသ (၄)၊ ကချင်အထူးဒေသ (၁) နှင့် (၂) စသည့်ဒေသများသို့ ထောက်ပံ့ပေးခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအတွင်းတွင် ကချင်အထူးဒေသ (၁)၊ (၂)၊ ကိုးကန့်အထူးဒေသ (၁)၊ “ဝ” အထူးဒေသ(၂)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် မူဆယ်ဒေသများ၌ ဒုတိယအကြိမ် ထောက်ပံ့ဖြန့်ဝေ ပေးခဲ့ခြင်းဖြစ်ပါသည်။ 
ကချင်အထူးဒေသ (၂) ဖြစ်သော ဗန်းမော်ဒေသတွင် မံဝိန်းကြီး၊ လွယ်ဂျယ်နှင့် လိုင်ဇာတို့ကို ဆန်ဖြန့်ဝေရေးစခန်းများ သတ်မှတ်ခဲ့သည်။ စာရေးသူသည် မံဝိန်းကြီးဆန်ဝေရေးစခန်းတွင် ဒုတိယ အကြိမ်ဆန်ဖြန့်ဝေရေးတာဝန် ထမ်းဆောင်ခဲ့ရပါသည်။
မံဝိန်းကြီး
    မံဝိန်းကြီးသည် ကချင်ပြည်နယ်၊ မန်စီမြို့နယ် နှင့် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် အစပ်ရှိ ကျေးရွာကြီးဖြစ်သည်။ တရုတ်ပြည်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေပါသည်။ မံဝိန်းကြီးနှင့် ဗန်းမော် သည် ၆၅ မိုင်ခန့်ကွာဝေးပါသည်။ 
မန်စီ၊ ချောင်းထောက်၊ မဒန်ယန်၊ ကိုက်ထိပ်နှင့် လဂတ်‌ဒေါ့ကျေးရွာများသည် ဗန်းမော်မှ  မံဝိန်းကြီးသို့ သွားသည့်ကားလမ်းပေါ်တွင်ရှိသည်။ လမ်းကကြမ်းလှ၏။ တောင်တွေကို ခွင်းထားသည့် တောင်ကြားလမ်းများမှသွားရသည်။ မတ်စောက်ကြမ်းတမ်းသည့် တောင်ပေါ်လမ်း၊ ကျောက်ကြမ်း လမ်းများကိုဖြတ်ရသည်။ အခက်ချင်းယှက်၊ အပင်ချင်းဆက်နေသော စိမ်းညို့အုပ်ဆိုင်းနေသည့် သစ်တော၊ ဝါးတောများကို ဖြတ်သန်းရပါသည်။ ဆောင်းရာသီကာလမို့ထင်၏။ တောင်ခြေအောက် ချိုင့်ဝှမ်းများ၌ မြူနှင်းများက ပိန်းပိတ်နေသည်။ တောင်ပေါ်တွင်လည်း  ချမ်းမြမြအေးစိမ့်စိမ့်နှင့်။ 
ဗန်းမော်မှ မံဝိန်းကြီးအထိ ဂျစ်ကားဖြင့်ခရီးသွားချိန် ၅ နာရီခန့်ကြာပါသည်။
ဤသို့ဖြင့် ဆန်ဖြန့်ဝေရေးတာဝန်အရ ကျေးရွာအလိုက်စာရင်းများ ကောက်ခဲ့ရသည်။ အုပ်စု အလိုက် အလှည့်ကျဆန်များ ထုတ်ပေးရသည်။
    ဆန်ဖြန့်ဝေရာတွင် တွေ့မြင်ရသည့် ဒေသခံတွေရဲ့ ပျော်ရွှင်မှု၊ ရိုးသားဖော်ရွေမှု၊ ချစ်ခင်ဖွယ် ကောင်းတဲ့အပြုအမူများက ကြည်နူးဖွယ်ပင်။ ဆန်ဖြန့်ဝေရေးတာဝန်အား ဒေသတွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်ခဲ့ရသည်။
    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ နှစ်လနီးပါးခန့် အတူစား၊ အတူသွား၊ အတူလာ၊ အတူအိပ်ခဲ့ရသည်။ လက်နက်ကိုင်ဆောင်ပြီး တင်းမာသည်ဟု ထင်ရသည့် လူကြမ်းကြီးများ၏ နူးညံ့ သောစိတ်ခံစားချက်များကိုလည်း အနီးကပ်တွေ့ခဲ့ရသည်။ အတွေးနှင့် နှလုံးသားထဲ၌ အမြဲအမှတ်ရ နေမိသည်။ သူတို့သည်လည်း မိမိနေထိုင်ရာ အရပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်လိုသောဆန္ဒများ ရှိပေ လိမ့်မည်။ ဒေသတွင်း ငြိမ်းချမ်းလိုသော တောင့်တမှုများ ရှိပေလိမ့်မည်။
    ဤမံဝိန်းကြီးဒေသတွင် အခြားဒေသများနည်းတူ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါသည်။ မံဝိန်းကြီးမှ ပန်ခမ်းတံတား နယ်စပ်အထိ ကတ္တရာခင်းခြင်း ၃ မိုင် ၃ ဖာလုံ၊ ကွန်ကရစ် ခင်းခြင်း ၅ ဖာလုံနှင့် Box Culvert ၇ စင်း၊ မံဝိန်းကြီး- နမ့်ခမ်းပါ ကျေးရွာချင်းဆက် ကတ္တရာ ၃ မိုင် ခင်းခြင်းတို့အား ၂၀၁၈-၂၀၁၉  ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်၏။ သုံးစွဲ ခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှာ ကျပ်သန်း ၁၉၀၉ ဒသမ ၉၄၇ သန်းဖြစ်ပါသည်။ 
မန်စီ
    မံဝိန်းကြီးသို့ ခရီးသွားတိုင်း မန်စီမြို့ ကိုဖြတ်ရသည်။ ဗန်းမော်- မန္တလေးကားလမ်းဘေးက ချစ်စရာမြို့ လေးပင်။ “မန်စီ” ၏မူရင်းနာမည်ဖြစ်သော “မန့်ကျေ့” ဟူသည်မှာ ရှမ်းဘာသာစကား ဖြစ်ပြီး “မန့်” ၏အဓိပ္ပာယ်မှာ “ရွာ”၊ “ကျေ့” ၏အဓိပ္ပာယ်မှာ “စက္ကူ” ဖြစ်ပါသည်။ “စက္ကူလုပ်သော ရွာ” ဟုဆိုလိုပါသည်။ “မန့်ကျေ့”ကို ကာလပြောင်းလဲလာသည့်အခါ “မန့်ကျေ” ဟူ၍ခေါ်လာကြပါ သည်။ “ကျေ” ဟူသည် “မြို့” ဟုအဓိပ္ပာယ်ရပါသည်။ ဌာနေတိုင်းရင်းသားများကလည်း “မန့်ကျေ” ဟူ၍သာ ယနေ့ တိုင်ခေါ်ဝေါ်နေကြဆဲဖြစ်ပါသည်။ ယခင်က “မန်စီ” တွင် ဖဖရရုံးမရှိသေးသော်လည်း ၂၀၁၆ ခု နှစ်တွင် မြို့နယ်ဖဖရရုံး ဖွင့်လှစ်ထားပြီးဖြစ်သည်။
    မန်စီမြို့နယ်တွင်လည်း ဒေသခံများ အခြေခံလိုအပ်သည့် လမ်းတံတား၊ ကျန်းမာရေး၊ ပညာရေး၊ ရေရရှိရေး၊ မီးလင်းရေး စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ မိုင်းခေါင်- ဂျေစွမ်း ကျေးရွာချင်းဆက်လမ်း ၁ မိုင် ကတ္တရာလမ်းနှင့် တံတား ၃ စင်း တည်ဆောက်ခြင်း၊ ကိုက်ထိပ် တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ၊ မံသာကျေးရွာ ကျန်းမာရေးဌာနခွဲ တည်ဆောက်ပေးခြင်း၊ ကိုက်ထိပ်၊ ဆဝမ်ကောင်၊ စီကော်၊ မုံတိမ်ပါ၊ မိုင်းခေါင် စသည့်ကျေးရွာများတွင် အခြေခံပညာမူလတန်း ကျောင်းဆောင်များ၊ အလယ်တန်းကျောင်းဆောင်များနှင့် ဝန်ထမ်းအိမ်ရာများအား ဆောင်ရွက်ပေး ခြင်း၊ ဂါးယားယန်ရွာတွင် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိစေနိုင်ရေး စိမ့်စမ်းရေ သွယ်ယူ ပေးခြင်း၊ သစ်ဆုံကျေးရွာ၊ ကောင်းတုံနှင့် တန်းသော်ရွာ မီးလင်းရေးအတွက် ကေဗွီအေ မီးစက် တစ်လုံးစီ လှူဒါန်းခြင်းပေးခဲ့ခြင်း စသည့်လုပ်ငန်းများဖြစ်ပါသည်။ ထို့အပြင် အထွေထွေ လုပ်ငန်းများအနေဖြင့် ၂၀၀၄-၂၀၀၅ ခုနှစ်တွင် မံစီမြို့နယ်ခန်းမကြီးအား အောင်မြင်စွာတည်ဆောက် ပေးခဲ့ပါသည်။
    ၁၉၉၀-၁၉၉၁ မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ မန်စီမြို့ နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအတွက် ရန်ပုံငွေကျပ် ၅၂၃ ဒသမ ၇၆၃ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ် ပါသည်။
    ဤဆောင်းပါးရေးသားရန်အတွက် ကောင်းတုံအရပ်တွင် ဆောင်ရွက်ပေးခဲ့သည့် ဖွံ့ဖြိုးရေး လုပ်ငန်းမှတ်တမ်းများကို ပြန်လည်စိစစ်ရင်း ကောင်းတုံဒေသ၏ အတိတ်သမိုင်းများက ရှင်သန်နိုးထ လာပြန်သည်။
ကောင်းတုံခံတပ်
    ကောင်းတုံသည် မြန်မာတို့၏အောင်မြေ ဖြစ်လေသည်။
    မြေဒူးမင်း(အင်းဝဆင်ဖြူရှင်မင်း) လက်ထက် (ခရစ်နှစ် ၁၇၆၅-၁၇၆၉) အတွင်း ကျူးကျော်သူ တစ်ဖက်နိုင်ငံသားတို့နှင့် မြန်မာတို့ စစ်ပွဲလေးကြိမ်ဖြစ်ပွားခဲ့သည်။ မြန်မာတို့က လေးကြိမ်စလုံး အောင်နိုင်ခဲ့ပါသည်။
    ဆင်ဖြူရှင်၏စကားလုံးတို့မှာ ပြတ်သားလှသည်။ “ငါ့တိုင်းနိုင်ငံသို့ ချဉ်းနင်း ပေါက်ရောက်လာ သမျှ ကျူးကျော်သူတို့ကို အကုန်သုတ်သင်ရမည်” ဟူ၍မှတ်သားရသည်။ 
    ကျူးကျော်သူတို့သည် ကြံ့ကြံ့ခိုင်စွာ အတင်းအမာခုခံနေသည့် မြန်မာတို့၏ ကောင်းတုံခံတပ် ကို အမြောက်လက်နက်များဖြင့် ရက်ပေါင်းများစွာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။ အနေအထား မှာ တစ်ချက်ယိမ်းသည် နှင့် တစ်နိုင်ငံလုံး အစည်းပြေပြီး ကျူးကျော်သူတို့၏ လက်အောက်ခံ နိုင်ငံ အဖြစ်သို့ လွယ်လင့်တကူ ကျရောက်နိုင်သည့် အနေအထားဖြစ်သည်။
    သို့သော် ထိုစစ်ပွဲများတွင် ဦးဆောင်ခဲ့သည့် မြန်မာသူရဲကောင်း စစ်သူကြီးမဟာသီဟသူရ၊ စစ်သူကြီးမဟာစည်သူ၊ တိမ်ကြားမင်းခေါင်၊ ဗလမင်းထင်တို့၏ ရှေးမြန်မာတပ်မတော်သည် ကျူးကျော် လာကြသည့် မိမိထက်အင်အားသာလွန်သော ရန်သူတပ်များကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ခြင်းမှာ သူတို့၏နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်နှင့် ရဲစွမ်းသတ္တိကြောင့် ဖြစ်သည်ဟုဆိုရပေမည်။
    ဆင်ဖြူရှင်သည် ဝန်ကြီးမဟာစည်သူကွပ်ကဲသော ခြေလျင်စစ်တပ်ကြီးကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၏။ အခြား‌ရေကြောင်းချီတပ်ကြီးတစ်တပ်ကို ဧရာဝတီမြစ်ကြောင်း မှလှေများဖြင့် နေမျိုးစည်သူကို ကွပ်ကဲ၍ချီတက်စေသည်ဟု ဆိုပါသည်။
    မြန်မာ့တပ်မတော်သားတို့သည် ကျူးကျော်သူအင်အား ၃၀၀၀၀ ခန့်အား ၃ ရက်လုံးလုံး ကုန်းလမ်း၊ ရေလမ်းအဖက်ဖက်မှ အပြင်းအထန်ရေကုန်ရေခမ်း ဝိုင်းပတ်တိုက်ခိုက်ကြသည်။ “သူတို့ သည် မြန်မာတို့၏ထောင်ချောက် တွင်းသို့ကျရောက်၍ သွေးထွက်သံယိုများစွာဖြင့် ကျဆုံးကြရသည်” ဟုမှတ်တမ်းများ၌ ဝန်ခံထားကြပါသည်။
    ထိုတိုက်ပွဲ၌ “ မြန်မာစစ်သည်တော်တို့၏  တိုက်ပွဲဝင်ဓားများသည် ကျူးကျော်သူတို့သွေးများ နှင့် လက်တွေမှာ စေးကပ်ပြီးခွာမရဖြစ်ခဲ့သည်” ဟု သမိုင်း၌လည်း ရေးသားခဲ့ကြပါသည်။ 
    ထိုအချိန်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မြန်မာသူရဲကောင်းတို့၏ စစ်ချီစစ်တက်၊ စစ်အောင် ကြွေးကြော်သံများ ဟိန်းဟိန်းညံနေပေလိမ့်မည်။ ကြီးမြတ်သော အောင်မြင်မှုနှင့်အတူ ကောင်းတုံဒေသ၌ မြန်မာတို့၏အောင်လံတော်များ တလူလူလွင့်ပျံနေပေလိမ့်မည်။ 
မြို့လှ
    ကောင်းတုံသည် ဧရာဝတီ‌မြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး မြို့လှသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည်။
    ၂၀၁၀ ခုနှစ်၊ နွေဦးကာလတွင် မြို့လှမြို့နယ်ခွဲရုံး၌ အလှည့်ကျတာဝန် ထမ်းဆောင်ခွင့်ရသည်။ မြို့လှသည်  ဗန်းမော်ခရိုင်၊ ကသာခရိုင်အစပ်တွင် တည်ရှိသည်။ ဗန်းမော်မှ မြို့လှသို့သွားရန်အတွက် စက်လှေလမ်းကြောင်းသာရှိသည်။ ၁၃ နာရီခန့်စက်လှေစီးရသည်။ ဗန်းမော်မှ နံနက် ၇ နာရီထွက်ပါက ညနေ ၈ နာရီခန့်မှ မြို့လှသို့ရောက်ပါသည်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မင်းကျောင်းကုန်းရွာတွင် မြို့လှအဝင် ကောက်ကွေ့ချောင်းဝရှိသည်။ အကွေ့ ၉၉ ကွေ့ရှိသော ထိုချောင်းကို ကောက်ကွေ့ချောင်း ဟုခေါ်ခြင်းဖြစ်သည်။    
    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဤ “မြို့နယ်ခွဲ” များ ဖွင့်လှစ်ခဲ့ခြင်းပင်ဖြစ်ပါသည်။ မြို့လှဒေသကား မြေပြန့် နှင့် ကုန်းမြင့်များသာရှိပါသည်။ တောင်တန်းများ မရှိပေ။ သစ်တော၊ ဝါးသော အလွန်ပေါများသောအရပ်ဖြစ်၏။ မြို့လှဒေသသည်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်သောဒေသတစ်ခုပင်။
    ထို့ကြောင့် မြို့လှဒေသအတွက် လမ်းတံတားကဏ္ဍတွင် ကောက်ကွေ့ချောင်းကူး (မြို့လှ) ၁၅၀ ပေတံတား၊ မြို့လှ- အုတ်ချီ မြေသားလမ်း ၁၃ မိုင် ဖောက်လုပ် လမ်းတာချဲ့ခြင်း၊ ထိုလမ်းပိုင်း ပေါ်တွင် တံတား ၃ စင်းနှင့် Box Culvert ၁၈ စင်း တည်ဆောက်ပေးခြင်း၊ ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍ မြှင့်တင်ပေးနိုင်ရေး အမတ်ကြီးကုန်းကျေးရွာတွင် ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် ဆရာ/ဆရာမနေအိမ်များ တည်ဆောက်ပေးခြင်း၊ မြို့လှဘုန်းကြီး ကျောင်း တည်ဆောက်ပေးခြင်းနှင့် မြို့လှသိမ်တော်အား အုတ်ညှပ်သွပ်မိုးအဖြစ် ပြင်ဆင်ပေးခြင်း စသည်တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
    မြို့လှမြို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၅၆၃ ဒသမ ၈၅၂ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့ပါသည်။
    ဤသို့ အေးချမ်းသာယာလှပသည့် အစိမ်းရောင်လွင်ပြင်ရှိသော ဗန်းမော်ဒေသ၏ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲအသီးသီးတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း လှည့်လည်တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် စာရေးသူသည် နေပြည်တော်သို့ ပြောင်း‌‌ရွှေ့ခဲ့ရသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း
    ဗန်းမော်မှ အပြန်ခရီးကား ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောခရီးဖြစ်၏။ ရာသီကား ဧရာဝတီမြစ်ကြီး ရေကျချိန်ဖြစ်သည်။ ရေကျသဖြင့် သဲသောင်ပြင်တို့ကို ထင်ထင်ရှားရှား ပီပီပြင်ပြင် မြင်ရသည်။ သောင်မတင်စေရန် သင်္ဘောကို ဖြေးဖြေးသာ ခုတ်မောင်းကြရ၏။ နေရောင်တို့ကြောင့် သဲသောင်ပြင်တို့သည် အဝါ‌ရောင်လက်လက်ထနေ၏။ ထို့ကြောင့် ဧရာဝတီမြစ်အား အချို့က ရွှေမှုန် များဖြင့် လင်းလက်နေသောရွှေသဲမြစ်ဟု တင်စားကြခြင်းဖြစ်ပေလိမ့်မည်။
    ဒုတိယမြစ်ကျဉ်းသည် ဗန်းမော်နှင့်ရွှေကူအကြား စင်းခန်းရွာအနီး၌ရှိပါသည်။ ထိုမြစ်ကျဉ်းတွင် နတ်မျက်နှာတောင်နှင့် ဥဒေါင်းတောင်များရှိလေသည်။ မြတ်စွာဘုရားရှင် ဥဒေါင်းမင်းဘဝဖြစ်စဉ်က စံခဲ့ဖူးသဖြင့် ဥဒေါင်းတောင်ဟုခေါ်ကြောင်း ပြောစမှတ်ရှိကြသည်။ မြစ်ကမ်းတစ်လျှောက် စိမ်းနက် နက်မြမှောင်မှောင် ကိုင်းတောများက လေယူရာယိမ်းနွဲ့ ယိမ်းအက ကနေသလိုပင်။ ဝဲ/ယာရှုခင်းများ ကလည်း လှပလွန်းလေစွ။
    အတိတ်ကာလမြင်ကွင်းများကို ပြန်လည်ခံစားရင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗန်းမော် ဒေသ၏ရင်ခွင်သို့ ပြန်သွားချင်ပါသေးတော့သည်။
၃၁ နှစ်တာ ဖွံ့ဖြိုးရေးခရီး
    လွန်ခဲ့သော ၃၁ နှစ်က နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ်သို့ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကို ၂၄-၉-၁၉၉၂ ခုနှစ် တွင် စတင်သန္ဓေတည် ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားဝန်ထမ်းများသာမက အမျိုးသမီးဝန်ထမ်းများ သည်လည်း နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးတာဝန်များ သွားရောက်ထမ်းဆောင်ခဲ့ရသည်။ သူတို့ စတင်တာဝန် ထမ်းဆောင်ခဲ့စဉ်က ကြုံတွေ့ရသည့်အဖြစ်အပျက်၊ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့မှု ဖြစ်စဉ်များကား စာ‌ရေးသူတို့အတွက် “ဖွံ့ဖြိုးရေးဒိုင်ယာရီ” များပင်ဖြစ်သည်။
    Senior များထံမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းများ၊  ငြိမ်းချမ်းမှု အထောက်အကူပြုလုပ်ငန်း များအကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတစ်ခုနှင့်တစ်ခုကွဲပြားမှု၊ မတူညီမှု အကြောင်းများ၊ ထိုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် လုပ်ငန်းများအကြောင်း၊ နယ်စပ်ဒေသ များတွင် သွားရောက်အကောင်အထည်ဖော်ခဲ့ကြသည့် ဝန်ထမ်းများနှင့် သူတို့ ထိစပ် ဆက်သွယ်နှီးနွှယ် ခဲ့ကြသည့် ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းများအကြောင်း၊ ဒေသခံတို့၏ဗီဇ၊ နိုင်ငံတော်အပေါ် ထားရှိတဲ့ စိတ်သဘောထားများ၊ ဓလေ့ထုံးတမ်းများ၊ ရှင်သန်ခြင်းအတွက်ပေးဆပ်မှုများ၊ သူတို့နှင့် စာရေးသူတို့အကြား ကွာဟချက်များ၊ မတူညီမှုများကို အများကြီးနားလည် သိရှိခဲ့ရသည်။
    ဖြစ်စဉ်များတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အကောင်း-အဆိုး၊ အကျိုး-အပြစ်တို့ကို ကွဲကွဲပြားပြား သိမြင်ခွင့်ရခဲ့ပါသည်။ 
ပန်းများအမြဲပွင့်ပါစေ
    လက်ရှိကာလတွင် ဗန်းမော်ဒေသများတွင် တည်ငြိမ်မှု၊ အေးချမ်းမှု လျော့ပါးနေကြောင်း သတင်းများ ကြားသိရပါသည်။ ဒေသတည်ငြိမ်မှု မရှိလျှင်တော့ ငြိမ်းချမ်းမှုမရှိနိုင်၊ မငြိမ်းချမ်းမှ ငြိမ်းချမ်းခြင်း၏ အရသာကို ပိုသိနိုင်ပါလိမ့်မည်။
    ဒေသတစ်ခု ငြိမ်းချမ်းသာယာသည်၊ ဒေသတွင်း လူနေမှုအဆင့်အတန်းမြင့်မားသည်၊ ဒေသရှိ လူ့အဖွဲ့အစည်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်သည်ဆိုရာတွင် ထိုဒေသရှိဒေသခံများနှင့် အဖွဲ့အစည်းများက ပို၍အဓိကကျပေလိမ့်မည်။ လမ်းကောင်း၊ လမ်းမှန်ကို ရွေးချယ်နိုင်ရန်လိုပေလိမ့်မည်။ နိဒါန်းကို ပြန်ပြင်၍မရတော့သော်လည်း နိဂုံးကိုပြင်ဆင်ရန် အချိန်များစွာ၊ အခွင့်အရေးများစွာ ရှိနေပါသည်။ မုန်တိုင်းထန်သော အချိန်များရှိသလို ပန်းများပွင့်သောကာလများလည်း များစွာရှိပါလိမ့်သည်။ 
    စာရေးသူ ကြိုက်နှစ်သက်သည့် ကဗျာတစ်ပုဒ် ရှိပါသည်။ ကဗျာဆရာ “မြင့်ဦးဦးမြင့်” ဖြစ်၏။
    မုန်တိုင်းကြမ်း၍
    ပန်းများကြွေလွင့်သွားသော်လည်း
    မုန်တိုင်းငြိမ်သက်၊ နောက်မနက်တွင်
    ပေါင်းပင်မြက်ကြား၊ ရှင်သန်ထွားလျက်
    ပန်းများပွင့်နေပြန်လေ၏။
    စစ်ပွဲများဆိုသည်ကား ရှိနေပါလိမ့်မည်။ ထို့အတူ ငြိမ်းချမ်းရေးဆိုသည်လည်း ရှိနေပါဦးမည်။ ငြိမ်းချမ်း‌ရေးနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း များစွာ ဆက်လက်ဆောင်ရွက်ပေးနေရပါဦး မည်။ နယ်စပ်ဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသည်နှင့်အမျှ တိုင်းရင်းသား လူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပါလိမ့်မည်။ တည်ငြိမ်အေးချမ်း မှုနှင့် တရားဥပဒေ စိုးမိုးမှုများလည်း တိုးတက်လာပေလိမ့်မည်။ 
    တစ်ချိန်ချိန်တွင် အစိမ်းရောင်လွင်ပြင် ဗန်းမော်ဒေသသည် ဖွံ့ဖြိုးရေးလုပ်ငန်းတို့ဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်စည်ပင် သာယာလှပလာပေဦးမည်ဟု ယုံကြည်မိပါတော့သည်။
        ဝထကလသ
        (နတလ)
 

Post Paragraph