
နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar တို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဂုရုကြီး၏ နိုင်ငံတကာပဋိပက္ခများတွင် ညှိနှိုင်းပေးခဲ့သည့် ငြိမ်းချမ်းရေး အတွေ့အကြုံများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကအရေးကြီးသည့် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စများ၊ ပါတီများအကြား အပြန်အလှန်ညှိနှိုင်း ပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှု တိုးပွားစေရေးဆိုင်ရာ ကိစ္စရပ်များ၊ ပဋိပက္ခကြောင့် အားလုံးဒုက္ခရောက်ကြရပြီး တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

